အငြင်းပွားမှုများနှင့် မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာ

အငြင်းပွားမှုများနှင့် မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာ
ပုံ- ကျောင်းသင်ခန်းစာတစ်ခုကို လေ့လာနေသော ကျောင်းသားတစ်ဦး(ပုံ-Mizzima)

မေ ၂၂

 ယခု တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာရော ပြင်ပ လူမှုအဖွဲ့အစည်းများအတွင်းမှာပါ  ဆွေး နွေး ငြင်းခုံနေသည် အကြောင်းအရာတစ်ခုတွင်  ပညာရေးဝန်ကြီးဌာနကနေ ၂၀၂၀- ၂၀၂၁ ခုနှစ်သင်ရိုး ညွန်းတမ်းအသစ် ဆိုကာ ထုတ်ပြန်လာသည့် မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေး သင်ခန်းစာက ရေပန်းစားနေသည်။

ဤသင်ခန်းစာကို ဝေဖန်သူများနှင့် ကန့်ကွက်သူများက Sex Education ဟု တံဆိပ်ကပ်ကာ  မသင်ကြားသင့်ကြောင်း ပြောနေကြချိန်တွင် သင်ကြားပို့ချရန် ပြင်ဆင်ထားကြသူများကတော့ Sex Education ဟု မပြောကြရန်နှင့် Reproductive Health Education (မျိုးဆက်ပွားကျန်းမာရေးပညာပေး)ဟု ခေါ်ဝေါ်ကြ၍ သေသေချာချာ သင်ခန်းစာကို သုံးသပ်ကြရန် တိုက်တွန်းလျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် သင်ခန်းစာကို မသင်ကြားရန်နှင့် သင်ခန်းစာပါ အခြေအနေများကို ကန့်ကွက်သူများ ရှိနေသကဲ့သို့ ထောက်ခံသူများလည်းရှိနေသည့်ကြားကပဲ ပညာရေးဝန်ကြီးဌာနက ပြည်သူ့အသံကို နားထောင်၍ ပြန်လည် သုံးသပ်သွားမည်ဟု မေလ ၂၂ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသွားပါသည်။

အွန်လိုင်းတွင်တွေ့ရသော ဒသမတန်း ဘဝတွက်တာ ကျွမ်းကျင်စရာ ကျောင်းသုံးစာအုပ်ပါ သင်ရိုးသစ် သင်ခန်းစာ အစိတ်အပိုင်းတစ်ခုတွင် " ထွန်းထွန်းနဲ့ ချိုချိုတို့ဟာ ဒသမ တန်း ကျောင်းသားလေးတွေပါ၊ စာအတူတူ ကျက်လေ့ရှိပြီး သူငယ်ချင်းတွေက သမီးရည်းစားလို ထင်ပြီး စနောက်လေ့ ရှိပါတယ်။ သူတို့ကလည်းသဘောကျ အချင်းချင်းစိတ်ဝင်စားမှု ရှိပါတယ်။ တနေ့ ချိုချိုတို့အိမ်က မိသားစုများ အလှူ သွားကြတဲ့အချိန် ချိုချိုက တစ်ယောက်တည်းအိမ်မှာ ကျန်ခဲ့ပြီး အိမ်ဘေးက အဒေါ်ကြီးကို ချိုချိုကို စောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ထွန်းထွန်းက စာအတူတူကြည့်ဖို့ ရောက်လာပြီး ချိုချို ဘေးမှာ နီးနီးကပ်ကပ် ဝင်ထိုင် လိုက်ပါ တယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပီတိဖြစ်ကာ စိတ်လှုပ်ရှားနေ ကြပါတယ်” ဟု ဥပမာပေးကာ ညွန်းဆိုထားပါသည်။

ဤသို့ ဥပမာပေးသော သင်ခန်းစားအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က သင်ခန်းစာကို လေ့လာရာ မှာ လက်ထပ် ထိမ်းမြားခြင်း မပြုမီ လိင်ဆက်ဆံမှု(Premaritial Sexual Relations)ကို အားပေး အးမြှောက်ပြုရာရောက် သကဲ့သို့ မြန်မာ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေနှင့် မြန်မာ့ဓလေ့ထုံးတမ်းအရ လက်ထပ်ရာမှာ အမျိုးသမီးများ၏ အသက် အရွယ် ကန့်သတ်ချက် မပြည့်မြောက်မီ လိင်ဆက်ဆံမှုကို အသိအမှတ်ပြု လက်ခံရာရောက်ခြင်းတို့ကြောင့် ကန့်ကွက်ရ ခြင်း ဖြစ်သည်ဟု မေလ ၂၀ ရက် ထုတ်ပြန်ခဲ့သည်။

USDP ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက “ကျွန်တော်တို့ ကြေညာချက် အပိုဒ် သုံးမှာ သင်ကြားမှုတိုင်းဟာ အသက်နဲ့အသိဟာ ဟန်ချက်ညီဖို့ လိုတယ်။ သိသင့်တာ ထက် ပိုပြီးသိထားပါက အန္တရာယ်ကို ဖိတ်ခေါ် တယ်။ အသိသည် အသက်အရွယ်ထက် ပိုနေလို့ရှိရင် တချို့ကိစ္စတွေက အကောင်းထက် အဆိုးဘက်ကို ဦးတည် သွားနိုင်တဲ့အတွက် ကျွန်တော်တို့ ဒီသင်ခန်းစာ ထည့်သွင်း ပြဋ္ဌာန်းခြင်းကို ကန့်ကွက်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းကတော့ မျိုးဆက်ပွား ကျန်းမာ ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများသည် နက်နက်နဲနဲတွေးကြည့်ပါ မည်သည့် ပြဿနာမှ မရှိနိုင်ကြောင်း၊ သင်ရိုး ညွန်းတမ်းကို ရေးဆွဲသည့်အခါမှာလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး ပညာရှင်များ၊ public health နှင့် ပတ်သက်သည့် ပညာရှင်များ၊ ဆေးပညာရှင်များ ပါဝင်ရေးဆွဲထား ခြင်းဖြစ်ကြောင်း ဆိုသည်။

ပုံ -     အထက်တန်းကျောင်း တစ်ကျောင်းရှေ့မှာ တွေ့ရသော မိဘပြည်သူများ(ပုံ-Mizzima)

အဆိုပါ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို KG တန်း မူလတန်းမှစ၍ အထက်တန်း အထိ အသက်အရွယ် အလိုက်သင်ကြားပေးရန် ယခုနှစ်ကစပြီး သင်ရိုးညွန်းတမ်းထဲမှာ ထည့်သွင်းလာ ခြင်း ဖြစ်သော် လည်း ယခင်နှစ်များအတွင်း ကတည်းက ဘဝတွက်တာ ကျွမ်းကျင်စရာထဲမှာ ထည့်သွင်းသင်ကြားရန် ပြဋ္ဌာန်းထားပြီးသား ဖြစ်ကြောင်း သိရသည်။

ဦးတင်မောင်ဝင်းက “  ကိုယ့်ရဲ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မထိနဲ့၊ မကိုင်နဲ့ ကလေးပေါက်စ ကတည်း က သင်ပေးရမယ်။ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်၊ ကလေးတွေဆိုရင် ကိုယ်ပိုင်ပစ္စည်းတွေ မထိရ မကိုင်ရ ဆိုတာ နိုင်ငံတကာ မှာ သင်ပေးနေကြတာ။ ကျွန်တော်တို့ နိုင်ငံမှာက အခုမှသင်ပေးတာဆိုတော့ ဒီဟာနဲ့ ပတ်သက်လို့ သိပ်မယဉ်ပါးဘူး ဖြစ် တာပေါ့။ နက်နက်နဲနဲတွေးရင်တော့ ဒီဟာက ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး”ဟု ပြောသည်။

USDP ပါတီကတော့ အခြေခံပညာသင်ဆဲ ကျောင်းသူ/သားငယ်များကို ပညာပေးရာ မရောက်ဘဲ လိင်ပိုင်းဆိုင်ရာ ဆွဲ ဆောင်လှုံ့ဆော်ရာ ရောက်နေသကဲ့သို့ လက်ထပ် ထိမ်းမြားခြင်း မပြုဘဲ နှစ်ဦး စိတ်ကြိုက်အတူနေခြင်းကို မြန်မာ့လူမှု အသိုက်အဝန်းအတွင်း တွင်တွင်ကျယ်ကျယ် လက်ခံကျင့်သုံးလာနိုင်သည့်အတွက် ကန့်ကွက်ကြောင်း ဆိုသည်။

ဦးတင်မောင်ဝင်းက “သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးမှုတွေ၊ သူ့အရွယ်နဲ့သူ တန်ဖိုးထားမှုတွေ၊ သူ့အရွယ်နဲ့သူ ထိန်းသိမ်းမှုတွေ၊ သတိ ထားရမယ့် အရာတွေ၊ ငယ်ငယ်လေး ကတည်းက မျိုးဆက်ပွားကျန်းမာရေး ကိုသင်ကြားခွင့် သင်ယူခွင့်ရရင် ငယ်ငယ်လေး ကတည်းက ကလေးတွေက ထိန်းသိမ်းသွားမယ်။ ဒီလိုထိန်းသိမ်းသွားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာ မှုခင်းတွေ မဖြစ်တော့ဘူး။ ဒီကနေ့ နိုင်ငံမှာ မှုခင်းတွေဖြစ်နေတဲ့ ကိစ္စဖြစ်တော့ အရွယ်မတိုင်ခင်မှာ အိမ်ထောင်ကျကြတယ်။ ဘဝမှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတယ်။ ဒါမျိုးတွေ မဖြစ်အောင် အဲဒီထဲမှာ ဘဝတွက်တာကျွမ်းကျင်စရာမှာ တခြားခေါင်းစဉ်တွေ အများ ကြီးရှိတယ်”ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေထားသည့် နဝမတန်းနှင့် ဒသမတန်းတွင် သင်ကြားမည့် ဘဝတွက်တာ ကျွမ်းကျင် စရာ သင်ခန်းစာတွင် လိင်မှုဆိုင်ရာ ကိစ္စများထက် လိင်မှုဆိုင်ရာကိစ္စ တစ်ခုကို မသိစိတ်ကြောင့် ဖြစ်ပွားခဲ့ပါက မိခင် တစ်ယောက် တာဝန်နှင့် ဖခင်တစ်ယောက် တာဝန်များသည် မည်သည့် အရေးကိစ္စများ ဖြစ်သလဲ၊ ကိုယ်ဝန် ဆောင် လိုက်ရ သည့်အခါမှာ မည်သည့် အခက်အခဲများကို ကြုံတွေ့ရနိုင်သလဲ၊ မိမိကျောင်းသားဘဝ ရည်မှန်းချက်များကို လက်လွတ် ရနိုင်သလားဆိုသော အခြေအနေများ အပါအဝင် တခြားသော စဉ်းစား တွေးခေါ်ကာ သုံးသပ်ရမည့် အခြေအနေများကို ဖော်ညွန်းထားသည်ကို တွေ့ရသည်။

ပုံ -  ယခုနှစ် ပညာသစ်နှစ်မှာ ဒသမတန်းတွင် သင်ကြားမည့် ဘဝတွက်တာ ကျွမ်းကျင်စရာ

မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် သင်ကြားပေးနေသည့် ဒေါက်တာသီဟထက်အောင်ကလည်း ကျောင်းသူ/သားများနှင့် လူငယ်များ သိထားသင့်သည့်အတွက် သင်ကြားသင့် ကြောင်း သူ၏ သဘောထားကို ပြောပြသည်။

“သင်ရိုးသစ်မှာပါတဲ့ Sex Education ပိုင်းကိုတော့ ကျွန်တော်တို့ သင်ရိုးသစ်က မရသေးတဲ့အတွက် ကြည့်တော့ မကြည့် ရသေးဘူး။ ဒါပေမယ့် အွန်လိုင်းမှာ တက်လာသလောက်ပဲ ဖတ်ကြည့်တာမျိုး ရှိပါတယ်။ Sex Education က သင်ရိုးသစ် မှာ မပါခင်ကတည်းက ကျွန်တော်တို့ ကလေးတွေကို သိသင့်သိထိုက်တဲ့ Sex Education နဲ့ ပတ်သက်ပြီး ပြောပြ ထားတာ တွေ ရှိပါတယ်” ဟု သူက ပြောပြလာပါသည်။

အဆိုပါ မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာများကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံ အပါအဝင် တခြားသော နိုင်ငံများ တွင်လည်း သင်ကြား ပို့ချပေးလျက်ရှိနေသည်။ သို့သော် မြန်မာနိုင်ငံတွင် သင်ကြားရန် ကြိုးပမ်း သည့်အခါမှာတော့ မြန်မာ့ ဓလေ့ထုံးတမ်းများနှင့် ယှဉ်ထိုးကြည့်ကာ နိုင်ငံရေးပါတီ တချို့ အပြင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီကလည်း ကန့်ကွက်မှုများ ရှိ နေသည်။

ထောက်ခံသူတချို့နှင့် လူငယ်တချို့ကတော့ ပညာရေးကို ဘာသာရေးနှင့် ယှဉ်ထိုး မကြည့်သင့်သလို လက်တွေ့ မြေပြင် အခြေအနေတွင် လူငယ်များ၏ မျိုးဆက်ပွား ကျန်းမာရေး အသိပညာ မည်မျှ သိရှိနားလည်ထားသလဲ ဆိုခြင်းအပေါ် ယှဉ် ထိုး တွက်ချက်သင့်ကြောင်းဆိုသည်။

ဒိုက်ဦးမြို့နယ်မှ ကျောင်းသူ တစ်ဦးဖြစ်သူ မဂျူးဂျူးအောင်က ပြီးခဲ့သည့် နှစ်များကတည်းက ကျောင်းတွင် Sex Education နှင့် ပတ်သက်ပြီး ဓာတ်ပုံနှင့်တကွ ရှင်းပြမှုများရှိသကဲ့သို့ အသေးစိတ် သင်ပေးမှုများလည်း ရှိကြောင်း၊ ယခု သင်ကြားပေးမှု ကိုလည်း သူမအပါအဝင် မိဘများကလည်း လက်ခံသဘောတူသည်ဟု ပြောပြလာပါသည်။

ကျောင်းသား မိဘ တစ်ဦးဖြစ်သူ ဒေါ်သက်သက်က “ ကျောင်းမှာ သင်သင့်တယ်လို့ ထင်ပါတယ်။ သက်ငယ်မုဒိန်းတွေ လည်း မကြာခဏ ဖြစ်နေတာ တွေ့ရတော့ ကြိုတင်သိထားတော့ ရှောင်သင့်တာ ရှောင်လို့ရအောင် ပြောပြထားတော့ အစ်မကတော့ သဘောကျပါတယ်။ တချို့က ညစ်ညမ်းတယ်လို့ ထင်တာပေါ့။ အစ်မတို့ကတော့ ကလေးတွေ ဗဟုသုတ ရတော့ ကန့်ကွက်စရာ မရှိပါဘူး”ဟု သူ၏ သဘောထားကို ပြောပြသည်။

ဒေါက်တာ သီဟထက်အောင်က Sex Education နှင့် ပတ်သက်ပြီး သင်ပြပေးခြင်းက မှုခင်းဖြစ်ပွားမှုများ၊ မလိုလား အပ် သည့် ကိုယ်ဝန်ဆောင်ရမှုများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံရမှုများကနေ ကင်းဝေစေနိုင် သည်ဟု ရှင်းပြသည်။

“ရှင်းရှင်းလင်းလင်း သိသွားမယ်ဆိုရင် လိင်ကတဆင့် ကူးစက်နိုင်တဲ့ ပြဿနာတွေ၊ လူမှုရေး ပြဿနာတွေ အများကြီး လျော့ကျသွားမယ် ထင်တယ်။ တကယ်တမ်းလည်း သူတို့ကို ကွန်ဒုံးနဲ့ ပတ်သက်တဲ့ အကြောင်းပဲဖြစ်ဖြစ် Unwanted Pregnant  မရဖို့ ကွန်ဒုံးသုံးသင့်တဲ့ အကြောင်း၊ နောက်လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေမရဖို့ ဘာကြောင့် ကွန်ဒုံး သုံးသင့်တယ် ဆိုတာ သူတို့ကို ပြောပြသင့်တယ်။ အဲဒါနဲ့ တခြား Sex Education တွေ ပြီးတော့ Bio ဘာသာနဲ့ ပတ်သက်တဲ့ Sex Education နဲ့ ပတ်သက်တဲ့ ကိုးတန်း၊ ဒသမတန်းမှာ Education နဲ့ ပတ်သက်တဲ့ ပြည့်ပြည့်စုံစုံ မဟုတ်တောင် တစ်ပိုင်းတစ်စ သိသင့်တယ်။ ဟိုတစ်စ ဒီတစ်စ သူတို့ အချင်းချင်း သိလာတဲ့ တစ်ပိုင်းတစ်စပေါ့။ တစ်ပိုင်းတစ်စ သိတာက တော်တော်အန္တရာယ်များတဲ့အတွက် ပြည့်ပြည့်စုံစုံသိဖို့ လိုတယ်”ဟု ပြောသည်။

အကယ်၍ သင်ကြားသည့်အခါမှာ မည်သည့် နည်းစနစ်ဖြင့် သင်ကြားမည်ကို ပညာရေးဝန်ကြီးဌာနက သေသေချာချာ ပြင်ဆင်ထားသင့်ကြောင်း၊ ဥပမာ ကျောင်းသူကို ဆရာမက သင်၊ ကျောင်းသားကို ဆရာက သင်ဆိုသည့် အခြေအနေ မျိုး ဖြစ်သွားမှာလား သို့မဟုတ် ကျောင်းသူ/သား ရောကာ ဆရာ/ဆရာမ (တစ်ဦးက)က သင်ကြားပေးမှာလား၊ ကျောင်းတွင်း ကျောင်းပြင်ပ ဆရာ-ကျောင်းသားကြား လိင်မှုဆိုင်ရာ ထိပါးမှုများ မဖြစ်ပွားလာ ရေးကိုလည်း မည်သို့ ဆောင်ရွက်ထားမလဲ ဆိုခြင်းကို နည်းလမ်းရှာထားသင့်ကြောင်း အကြံပြုမှုများလည်းရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ လတ်တလော အငြင်းပွားနေသော မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာကို ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွင်းမှာ သင်ကြားပေးချသွားတော့မည်ဖြစ်ရာ အကျိုးဆက်များကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ ကာ အချိန်နှင့်တပြေးညီ ပြုပြင် ပြောင်းလဲရေး လုပ်သွားနိုင်မလားသည်ကိုတော့ စောင့်ကြည့်ရပေတော့မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly