မြိတ်၊မေ (၈)
တနင်္သာရီတိုင်းဒေသကြီး တိုင်းအစိုးရ အဖွဲ့ရဲ့ စီမံချက် အရ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ် ကာကွယ်ရေးမှာ ပြည်သူလူထုတွေ လိုက်နာမှု အားနည်းနေတဲ့ အတွက် Mask နှာခေါင်းစည်းတွေ တပ်ဆင် သွားလာဖို့ သတိပေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
မေလ ၈ ရက်နေ့က စတင်ပြီး မြိတ်မြို့က နေရာ ၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လမ်းသွား လမ်းလာ ပြည်သူတွေကို Maskတွေ တပ်ဆင် သွားလာဖို့ သတိပေး လှုပ်ရှားမှု အစီအစဉ်ကို တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ခရိုင် ၃ ခုမှာ တပြိုင်နက်တည်း ပြုလုပ်သွားဖို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
အခုလို သတိပေး လှုပ်ရှားမှုကို ပထမ ရက်တွင်း ပြည်သူများကို Mask များကို အခမဲ့ ဖြန့်ဝေ တပ်ဆင် သွားလာဖို့ ပညာပေးခဲ့ပြီး ဒုတိယနေ့မှာတော့ Mask မဝတ်ဆင် ထားရင် ဖြတ်သန်း သွားလာခွင့် တားမြစ်သွားမှာ ဖြစ်ကာ နောက်ဆုံး ရက်မှာတော့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် အတိုင်း Mask မပါသူတွေကို ဒဏ်ငွေ ၅၀၀၀ နဲ့ ညီမျှတဲ့ Mask တွေ ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
အခု စည်းကမ်း သတ်မှတ်ချက်တွေကို မလိုက်နာဘူး ဆိုရင် ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
ကျန်းမာရေး ဦးစီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေ အရ လက်ရှိ အချိန်ထိ တနင်္သာရီတိုင်း အတွင်းမှာတော့ COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိသူ မရှိသေးပါဘူး။