ရန်ကုန်တိုင်းဒေသကြီးမှာ ယာယီနှင့်အပြီး ပိတ်သိမ်းသည့် စက်ရုံ ၁၂၅ ရုံရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးမှာ ယာယီနှင့်အပြီး ပိတ်သိမ်းသည့် စက်ရုံ ၁၂၅ ရုံရှိဟုဆို
ပုံ- လုပ်ငန်းခွင်အတွင်းက အထည်ချုပ်အလုပ်သမား အမျိုးသမီးတစ်စု(ပုံ-မဇ္ဈိမ)

မေ ၆

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စီးပွားရေး အကျပ်အတည်းဖြစ်ကာ စက်ရုံတချို့ အပြီး ပိတ်သိမ်းခြင်း အပါအဝင် ယာယီ ပိတ်သိမ်းခြင်းများ ရှိလာသလို အလုပ်သမား အင်အားလျှော့ချသည့် စက်ရုံမှာလည်း ၁၂၅ ရုံအထိ ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မဇ္ဈိမသို့ ပြောသည်။အပြီးပိတ်သိမ်းသည့် စက်ရုံ ဘယ်နှရုံနှင့် ယာယီပိတ်သိမ်းသည့် စက်ရုံဘယ်နှရုံဆိုသည့်အပေါ်ကိုတော့ ဝန်ကြီး ဒေါ်မိုးမိုးစု ကြည်က အသေးစိတ် ပြောပြခြင်းမရှိပေ။

 “စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းတာချည်းပဲ မဟုတ်ဘူး၊ အင်အားလျှော့တာရှိတယ်၊ ယာယီပိတ်တာ ရှိတယ်၊ အပြီး ပိတ်တာ ရှိတယ်၊ အဲဒါတွေရဲ့စာရင်းက ၁၂၅ ရုံပါ။ အဲဒီမှာမှ အင်အားလျှော့လိုက်လို့ အလုပ်လက်မဲ့ ဖြစ်တဲ့ဟာမျိုးတွေ အစ်မတို့ ကတော့ အားလုံးကို အလုပ်လက်မဲ့လို့ မသတ်မှတ်ပါဘူး။ ဘာကြောင့်လဲလို့ ဆိုလို့ရှိရင် လူတစ်ယောက်ချင်းစီက အ ကြောင်း အမျိုးမျိုးကြောင့် အလုပ်ကနေ ပြုတ်လာတယ် ဆိုလို့ရှိရင် မနက်ဖြန် ကိုယ်ရဲ့ စားဝတ်နေရေး ပြေလည်အောင် ကိုယ်ရဲ့ လူနေမှုဘဝ အဆင့်အတန်းတစ်ခုနဲ့ လျော်ညီတဲ့ လုပ်ငန်းတစ်ခုကို ပြန်ပြီးတော့ရအောင် ရှာရမှာပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက်မှုဇုန် ၂၉ ဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန် တစ်ခုရှိရာ စက်ရုံအပြီး ပိတ်သိမ်းခြင်း အပါအဝင် ယာယီ ပိတ်သိမ်းခြင်းနှင့် လုပ်သား အင်အား လျှော့ချသည့် စက်ရုံ ၂၀၂၀ ခုနှစ်၊ မတ်လအထိဆိုလျှင် စုစုပေါင်း ၅၉ ရုံရှိကာ လုပ်သား အင်အား ၁၇၀၀၀ ဦးခန့် လျှော့ချခံခဲ့ရကြေင်း ရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့မှ ပြောသည်။

ယခု မေလအရောက်မှာတော့ ယာယီ ပိတ်သိမ်းခြင်း အပါအဝင် အပြီး ပိတ်သိမ်းသည့် စက်ရုံမှာ ၁၂၅ ရုံ ရှိလာ သည့် အတွက် လုပ်သား အင်အား လျှော့ချမှုများလည်း နှစ်ဆနီးပါးမြင့်တက်လာနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

“အစ်မတို့ အလုပ်လက်မဲ့နဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တစ်ခုလုံးကို တိုင်းဒေသကြီးအစိုးရက  ရရှိခံစားနိုင် အောင် MIC ကနေဖြစ်စေ JICA ကနေဖြစ်စေ အတည်ပြု မိန့်တွေနဲ့ သူရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေကိုပဲ MIC ကနေ အသိအမှတ်ပြု လက်မှတ်တွေ ပေးနေတယ်ဆိုတာလည်း သိပြီးသားဖြစ်မှာပါ။ အထွေအထူး ပြောစရာ မလိုပါ ဘူး” ဟု ၎င်းက ပြောသည်။

အပြီး ပိတ်သိမ်းခြင်း၊ ယာယီ ပိတ်သိမ်းခြင်းနှင့် လုပ်သား အင်အား လျှော့ချသည့် စက်ရုံများမှာ အထည်ချုပ် စက်ရုံများက အများဆုံး ပါဝင်သည်။

ထိုသို့ စက်ရုံများ ပိတ်သိမ်းရသည့် အကြောင်းအရင်းများတွင် ကုန်ကြမ်း ပြတ်လပ်ခြင်းနှင့် နိုင်ငံခြားမှ အော်ဒါမှာယူမှုများ မရှိတော့ခြင်းကြောင့် အများဆုံးဖြစ်ပြီး တခြားသော အကြောင်းအမျိုးမျိုးကြောင့်လည်း ပါဝင်ကြောင်း သိရသည်။

ပိတ်သိမ်းထားသည့် စက်ရုံများ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါက လုပ်သား အင်အား လျှော့ချခံခဲ့ရသည့် အလုပ်သမားများ အလုပ်အကိုင် ပြန်လည် ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောသည်။

လက်ရှိတွင်လည်း စက်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်သမားများ အလုပ်ထုတ် နစ်နာကြေးများရရှိရန်အတွက် အလုပ် သမား ဥပဒေအတိုင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရက စက်ရုံ၊ အလုပ်ရုံများ ပြန်လည် ဖွင့်လှစ် လည်ပတ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်ထိ စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှာလည်း စက်ရုံ ၃၀၀၇ ရုံအား စစ်ဆေးပြီးစီးထားသည်။

အဆိုပါ စစ်ဆေးပြီးစီးထားသည့် စက်ရုံ ၃၀၀၇ ရုံအနက် အေ(A)အဆင့် သတ်မှတ်ချက်ဖြင့် ဖွင့်ခွင့်ပေးထားသည့် စက်ရုံ ၂၈၀၀ ကျော်ရှိကြောင်း သိရသည်။

အစိုးရမှ ဖွင့်လှစ်ခွင့် ပေးထားသည့် စက်ရုံများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေများအရ အရေးယူသွားရန်လည်း စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly