မေ ၅
AP (Associated Press) သတင်းဌာနနှင့်လက်တွဲလုပ်ကိုင်နေသော အိန္ဒိယလူမျိုး ဓာတ်ပုံသတင်းထောက် သုံးဦးသည် ကက်ရှ်မီးယားဒေသအကြောင်း ဖော်ပြခဲ့သည့် ၎င်းတို့၏ဓာတ်ပုံလက်ရာများအတွက် ၂၀၂၀ ခုနှစ် ပူလစ်ဇာဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။
အိန္ဒိယဓာတ်ပုံသတင်းထောက်များဖြစ်ကြသည့် Channi Anand ၊ Dar Yasin နှင့် Mukhtar Khan တို့သည် ကမ္ဘာ့သတင်းလောကတွင် ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ခုဖြစ်သည့် ပူလစ်ဇာဆု ချီးမြှင့်ခြင်းခံရခြင်းဖြစ်သည်။
ကက်ရှ်မီးယားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားမှုအား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၅ ရက်တွင် အိန္ဒိယအစိုးရက ပြန်လည်ရုပ်သိမ်းပြီးနောက် ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ထားသည့်ကာလအတွင်း ကက်ရှ်မီးယားဒေသ၌ သတင်းရယူနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဆုချီးမြှင့်ခံရခြင်းဖြစ်သည်။
ဓာတ်ပုံသတင်းထောက်များသည် ပိတ်ဆို့ထားသောလမ်းများကို ရှောင်ကွင်းသွားလျက် သူစိမ်းများ၏အိမ်များ၌နေခြင်း၊ ကင်မရာများကို ဈေးဝယ်အိတ်များအတွင်းထည့်ခြင်းဖြင့် ဆန္ဒပြပွဲများ၊ ရဲတပ်ဖွဲ့များနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏လှုပ်ရှားမှုများ၊ နေ့စဉ်ဘဝများကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြသည်။ ကက်ရှ်မီးယားဒေသတွင် ဆက်သွယ်ရေးပြတ်တောက်ထားမှုများရှိခဲ့သောကြောင့် သတင်းထောက်များသည် ၎င်းတို့သတင်းရယူရိုက်ကူးထားသည့်ဓာတ်ပုံများထည့်ထားသော memory card နှင့် pen drive များကို လေကြောင်းခရီးဖြင့်ပြန်သည့်ခရီးသည်များ၏အကူအညီဖြင့် နယူးဒေလီရှိ AP ရုံးသို့ ပို့ဆောင်ပေးခဲ့ကြရသည်။