ဂျာမန်လိဂ်ဘောလုံးပြိုင်ပွဲဟာ မေလ ၉ ရက်မှာ ပရိသတ်တွေ မပါဘဲ ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်ပေမယ့်လည်း နောက်ဆုံးအနေနဲ့ ပြောရရင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့သာ သက်ဆိုင်တယ်လို့ ဘွန်ဒစ်လီဂါရဲ့ အမှုဆောင်အရာရှိချုပ်က ကြာသပတေးနေ့က ပြောပါတယ်။
ဂျာမနီရဲ့ ထိပ်သီးကလပ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ခရစ္စယန် ဆီဖတ်က လိဂ်ပြိုင်ပွဲဟာ လာမယ့်လမှာ ပြန်လာဖို့ "အဆင်သင့်ဖြစ်နေပါပြီ"လို့ ပြောပြီး ဒါဟာ ပထမဆုံးအဓိကဥရောပဘောလုံးပြိုင်ပွဲကို စတင်ခြင်းလည်းဖြစ်ပါတယ်။
ဆီဖတ်က ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကို အဓိပတိ အန်ဂျလာမာကယ်လ်ရဲ့ အစိုးရနဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့သာ သက်ဆိုင်တယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။
"ဒါဟာ နိုင်ငံရေးခေါင်းဆောင်တွေ ဆုံးဖြတ်တဲ့ အတိုင်းပါပဲ။"လို့ ဆီဖတ်က ဗီဒီယိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
"မေလ ၉ ရက်နေ့လား အဲဒီရက်နောက်ပိုင်း ဖြစ်လာနိုင်မလားတော့ မသိဘူး။ ဘွန်ဒစ်လီဂါကတော့ အဆင်သင့်ဖြစ်နေပါပြီ။"
ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးဖို့အတွက်နဲ့ မတ်လ ၁၃ ရက်နေ့က ရပ်တန့်သွားခဲ့တာပါ။
ဂျာမနီနိုင်ငံဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အစုလိုက်အပြုံလိုက် စမ်းသပ်မှုကြောင့် တခြားဥရောပနိုင်ငံတွေထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့နည်းသွားပါတယ်။
ဒါပေမယ့် ကစားသမားတွေကို ကွင်းထဲပြန်ဝင်ဖို့ ခွင့်ပြုချက်ကို ဂရုတစိုက်ကိုင်တွယ်နေပြီး ဆီဖတ်က တစ်ကိုယ်ရေသန့်ရှင်းရေး ကြိုတင်ကာကွယ်ရေးတွေကို စောင့်ကြည့်ရမယ်လို့ အလေးအနက ပြောသွားပါတယ်။
ကစားသမားတွေကို ပုံမှန်စစ်ဆေးရမှာဖြစ်ပြီး လမ်းညွှန်ချက်တွေကို သေချာလိုက်နာစေဖို့အတွက် အသင်းတစ်သင်းချင်းစီမှာ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ စည်းကြပ် တာဝန်ခံတွေ (hygiene officers)ကို ခန့်ထားပါလိမ့်မယ်။
"ပရိသတ်တွေမပါတဲ့ ကစားပွဲတွေကို ကျနော်တို့ လိုချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းပိတ်ကစားတာက တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိပုံရတယ်။"
"သေချာတဲ့ အစီအမံတွေနဲ့ အကောင်းဆုံး ဖြစ်နိုင်အောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ ကျနော်တို့ ကြိုးစားပါမယ်။"
ဘွန်ဒစ်လီဂါစီအီအိုက ကစားသမားတွေ၊ နည်းပြတွေ၊ တာဝန်ရှိသူတွေနဲ့ မီဒီယာတွေအပါအဝင် အယောက် ၂၀၀ ခန့်သာ ကွင်းတွင်းမှာ ခွင့်ပြုလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။
(AFP)