တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘောလုံးအသင်းတွေ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်နေရချိန်မှာ အသင်းရဲ့ ကစားသမားတွေက သူတို့ တတ်နိုင်တဲ့ဖက်ကနေ အသင်းကို ပြန်လည်ကူညီတာမျိုး လုပ်နေကြတာပါ။
စီးရီးအေ၊ ဘွန်ဒက်စ်လီဂါ၊ လာလီဂါ စတဲ့ ထိပ်သီးလိဂ်တွေမှာ ကစားသမားတွေဟာ သူတို့ရဲ့ လစာကို လျော့ယူပေးပြီး အသင်းကို ကူညီဖို့ ကြိုးစားနေကြပေမယ့် ပရီးမီးယားလိဂ် ကစားသမားတွေကတော့ သူတို့ရဲ့အသင်းကို ပြန်လည်ကူညီဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေကြပါတယ်။
သူတို့ အဲဒီလို ငြင်းဆန်ရတဲ့အကြောင်းရင်းက ဒီကလပ်အသင်းတွေဟာ ငွေကြေးအခိုင်အမာနဲ့ ရပ်တည်နေတဲ့ အသင်းတွေလို့ ကစားသမားတွေက ယူဆထားတာကြောင့်လည်းဖြစ်ပြီး နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ အမြတ်ရနေတဲ့အသင်းတွေလို့ ယုံကြည်ထားတာကြောင့်ပါ။
Mesut Ozil resisting 12.5% wage cut at Arsenal. He is willing to take wage reduction but wants to make an informed decision. https://t.co/6YAeyjsgjg
— Sami Mokbel (@SamiMokbel81_DM) April 20, 2020
အဲဒါကြောင့်ပဲ ကစားသမားအများစုက အသင်းတွေအနေနဲ့ အကျိုးအမြတ်တွေရစဉ်တုန်းကတော့ ကစားသမားတွေကို ငဲ့ကြည့်ခြင်းမပြုပဲ အခုလို အခက်အခဲတွေ့တော့မှ ကစားသမားတွေဆီက အကူအညီရဖို့ ကြိုးစားနေတာ မမျှတဘူးလို့ ယူဆနေကြပါတယ်။
အဲဒီ ကစားသမားတွေထဲမှာ တစ်ဦးကတော့ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဇေးလ်ဖြစ်ပြီး တစ်သင်းလုံးက လစာရဲ့ ၁၂.၅ ရာခိုင်နှုန်းလျော့ယူဖို့ သဘောတူနေချိန်မှာ သူနဲ့ နောက် ကစားသမား ၂ ဦးက သူတို့ရဲ့ လစာငွေတွေကို လျော့မယူပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့ကြတာပါ။
"It's out of order... can you imagine a story like that coming out of Liverpool or Manchester City about one of their players?"https://t.co/adfuQ7DpBY
— talkSPORT (@talkSPORT) April 21, 2020
အားကစားလောကရဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ပီယာ့စ် မော်ဂန်ကတော့ အိုဇေးရဲ့ လုပ်ရပ်ဟာ လုံးဝကို ရှက်ဖို့ကောင်းတယ်လို့ ရှုံ့ချလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုဇေးလ်ဟာ တစ်ပတ်ကို ပေါင် ၃၅၀၀၀၀ ရနေသူဖြစ်ပြီး အာဆင်နယ်ရဲ့ လစာငွေအများဆုံး ကစားသမားတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တာကြောင့်ပါ။
သူ့အနေနဲ့ ဘောလုံးမကစားရပဲ ဒီငွေတွေကို အလကားယူနေဖို့ဆိုတာ တကယ့်ကို ရှက်စရာကောင်းပြီး အာဆင်နယ်အသင်းနဲ့ ကာလရှည်လက်တွဲလာသူတစ်ယောက်အနေနဲ့ ဒီလို ဆန့်ကျင်မှုမျိုးပြုလုပ်တာ ရှက်စရာပဲလို့ မော်ဂန်က ရှုံ့ချပါတယ်။
Gary Neville slams Arsenal players for 'throwing Mesut Ozil overboard' over wage cut decision. https://t.co/pNdgjA9eGi
— Arsenal FC News (@ArsenalFC_fl) April 21, 2020
ဒါပေမယ့် အိုဇေးလ်ဖက်က ကြည့်ပြန်ရင်လည်း အိုဇေးလ်ဟာ နည်းပြ အမ်မရီရဲ့ လက်ထက်တုန်းက အာဆင်နယ်မှာ အပယ်ခံတစ်ယောက်လို နေခဲ့ရတာပါ။ သူက အသင်းရဲ့ စီနီယာ ကစားသမားတွေနဲ့တောင် တွဲပြီး လေ့ကျင့်ခွင့်မရတဲ့အထိ ပစ်ပယ်ခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ သူ့ဖက်ကနေ ရပ်တည်ပေးခြင်းမရှိခဲ့လို့ အသင်းပြောင်းရွှေ့ဖို့တောင် ဆုံးဖြတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။
အခု အသင်းကို နည်းပြ အာတီတာ ရောက်လာတော့မှသာ အိုဇေးလ်ဟာ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်လည်ပြသခဲ့ပြီး အသင်းရဲ့ ကွင်းလယ်မှာ အရေးပါသူ တစ်ယောက် ပြန်ဖြစ်လာခဲ့တာပါ။
အိုဇေးလ်အနေနဲ့ကတော့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေနဲ့ သူ့ရဲ့ကြားက အဖုအထစ်တွေကို ကျေလည်နိုင်ပုံမရပါဘူး။ ဒါကြောင့်လည်း ၁၂.၅ ရာခိုင်နှုန်းဆိုတဲ့ နည်းပါးတဲ့ လစာငွေလျော့ပေးမှုလေးကိုတောင် မပေးပဲ တင်းခံနေခဲ့တာဖြစ်ပြီး ဝေဖန်သူတွေကြားမှာ ကြံ့ကြံ့ခံ ရပ်တည်နေခဲ့တာပါ။
Mesut Ozil one of three Arsenal players to reject 12.5% pay cut proposal. https://t.co/yIBwdnFmnS
— Arsenal FC News (@ArsenalFC_fl) April 20, 2020
အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ ကစားသမားတွေကို လစာငွေရဲ့ ၂၅ ရာခိုင်နှုန်းလျော့ချပေးဖို့ ညှိနှိုင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ၁၂.၅ ရာခိုင်နှုန်းနဲ့သာ သဘောတူညီမှု ရသွားခဲ့တာဖြစ်ပြီး နောက်နှစ် မတ်လအထိ ကစားသမားတွေက လစာငွေလျော့ယူပေးနေရဦးမှာပါ။ ဒါပေမယ့် လာမယ့်ရာသီမှာ အာဆင်နယ်သာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် သူတို့ရဲ့လစာတွေကို အပြည့်အဝ ပြန်လည်ပေးချေသွားမယ်လို့ အသင်းက အသိပေးခဲ့ပြီး တစ်ယောက်ကို ဆုကြေးငွေအဖြစ် ပေါင် ၁၀၀,၀၀၀ စီ ပေးသွားဦးမှာပါ။
ဒါပေမယ့် အိုဇေးလ်ကတော့ အရာအားလုံးကို မျက်ကွယ်ပြု ငြင်းဆန်ထားခဲ့ပြီး သူ့ရဲ့ရပိုင်ခွင့်ထဲက လုံးဝကို လျော့မပေးနိုင်ဘူးလို့ တင်းခံထားပါတယ်။ ဥပဒေအရလည်း အာဆင်နယ်အသင်းအနေနဲ့ ကစားသမားရဲ့ ဆန္ဒမပါပဲ လစာလျော့ပေးခွင့်မရှိလို့ အာဆင်နယ်နဲ့ အိုဇေးလ်တို့ရဲ့ တင်းမာမှုဟာ ဘယ်လောက်ကြာကြာ ဆက်ပြီး ရှိနေမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာပါ…။