ဧပြီ ၆
မိုက်ခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ဘီလျံနာသူဌေး ဘီလ်ဂိတ်တည်ထောင်ထားသည့် ပရဟိတဖောင်ဒေးရှင်းမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မည့် စက်ရုံ ၇ ခု တည်ဆောက်ရန် ငွေကြေးစိုက်ထုတ်သွားမည်ဟု ဧပြီ ၂ ရက်ကက ကြေညာခဲ့သည်။
Gates ဖောင်ဒေးရှင်းမှ ယခုကဲ့သို့ ငွေကြေးစိုက်ထုတ်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် လုပ်ဆောင်နေသည့်အစိုးရထက် ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်လိမ့်မည်ဟု ဘီလ်ဂိတ်က ပြောသည်။
“ကျွန်တော်တို့ရဲ့ ဖောင်ဒေးရှင်းက ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်သိပါတယ်၊ ကပ်ရောဂါအကြောင်းကို စဉ်းစားခဲ့ကြပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ ပိုလုပ်နိုင်အောင် ငွေကြေးထောက်ပံ့ခဲ့ကြတာပါ၊ စောစောစီးစီး ငွေကြေးထည့်ဝင်လိုက်တဲ့အတွက် အစစအရာရာ အရှိန်မြှင့်လုပ်ဆောင်နိုင်တာပေါ့” ဟု ဘီလ်ဂိတ်က ပြောခဲ့သည်။
ဖောင်ဒေးရှင်းအနေဖြင့် ကာကွယ်ဆေးအကောင်းဆုံးထုတ်နိုင်သည့် လုပ်ငန်း ၁ ခု သို့မဟုတ် ၂ ခုကို ရွေးချယ်သွားမည်ဆိုသော်လည်း စက်ရုံ (၇) ခု လုံးတည်ဆောက်သွားမည်ဟုဆိုသည်။
ကာကွယ်ဆေးထုတ်လုပ်ရန်မှာ ပစ္စည်းကိရိယာကောင်းကောင်းလိုအပ်တာကြောင့် ထုတ်လုပ်သူ တစ်ဦးချင်းစီအနေဖြင့် ကိုယ်ပိုင်စက်ရုံရှိရမည်ဖြစ်ကြောင်း၊ ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည်ဖြစ်သော်လည်း ကပ်ရော ဂါကြောင့် စီးပွားရေးလုပ်ငန်းများ၌ ထရီလီယံပေါင်းများစွာ ဆုံးရှုံးနစ်နာသည်ထက်စာလျှင် တော်သေးကြောင်း၊ ယင်းကာကွယ်ဆေးကို ၁၈ လအတွင်းမှာ ရနိုင်ကြောင်းနှင့် တီထွင်ထုတ်လုပ်ခဲ့ဖူးသမျှ ကာကွယ်ဆေးများအ နက် အစောဆုံးရရှိမည့် ကာကွယ်ဆေးဖြစ်လိမ့်မည်ဖြစ်ကြောင်း ဘီလ်ဂိတ်က ပြောသည်။
ဘီလ်ဂိတ်က တစ်နိုင်ငံလုံး lockdown ချမှတ်ရန် အစိုးရကို တိုက်တွန်းထားပြီး ကပ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် နောက်ထပ် ၁၀ ပတ်ခန့် ကန့်သတ်ပိတ်ပင်မှုများလုပ်သင့်သည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။
ကာကွယ်ဆေးထုတ်လုပ်မည့်စက်ရုံဆောက်မည့်အကြောင်း မကြေညာခင်ကတည်းက ဘီလ်ဂိတ်တို့ ဇနီးမောင်နှံက ဝါရှင်တန်ရှိ အိမ်ထောင်စုများထံသို့ ဗိုင်းရပ်စ်စမ်းသပ်ကိရိယာများ ပေးပို့မှုအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်မည်ဟု ကတိပြုခဲ့ကြသည်။ Gates ဖောင်ဒေးရှင်းသည် COVID-19 ဆိုင်ရာ ဆောင်ရွက်မှုများအတွက် အမေရိကန်ဒေါ်လာ ၃.၇ သန်းကိုလည်း လှူဒါန်း ခဲ့သည်။