အသက် (၈)နှစ်အရွယ်သာ ရှိသေးတဲ့ မာကိုအန်တိုနီယို ဆိုတဲ့ ကလေးငယ်ကို အားလုံးက နေမာ အငယ်စားလေးလို့ သတ်မှတ်နေကြတာပါ။ အသက် (၆)နှစ်အရွယ်မှာကတည်းက သူ့ရဲ့ဘောလုံးစကေးက အားလုံး သတိထားမိစရာ ဖြစ်ခဲ့ပြီး အနာဂတ်ရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ရွယ်တူကလေးတွေထက် ပိုပြီးသာလွန်တဲ့ ကျွမ်းကျင်မှုမျိုးကို မာကိုဆီမှာ တွေ့နေရသလို၊ သူ့ထက်ကြီးတဲ့ ကလေးတွေနဲ့တောင် ယှဉ်ပြီးကစားနိုင်တဲ့ ခြေစွမ်းမျိုးကို မာကိုက ပြသနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူ့အတွက် ကံတရားက ထင်သလောက်မျက်နှာသာ မပေးခဲ့ပါဘူး။ မာကွင်ဟိုဆိုတဲ့ နာမည်နဲ့ ဆိုရှယ်မီဒီယာမှာ ပရိသတ်ပေါင်းများစွာ ရရှိခဲ့တဲ့ မာကိုဟာ Crohn’s disease လို့ခေါ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး ဘောလုံးပွဲကစားခြင်းကနေ တစ်နှစ်လောက် ဝေးကွာနေခဲ့ရပါသေးတယ်။
ဝမ်းဗိုက်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ Crohn’s Disease ရောဂါကို မာကို တစ်ယောက် ကျော်ဖြတ်ပြီးချိန်မှာတော့ ဘောလုံးပွဲတွေမှာ ပြန်လည်မြင်တွေ့လာရပြီဖြစ်ပြီး အခုဆိုရင် ရုပ်သံအစီအစဉ်တွေမှာတောင် ပါဝင်လာခဲ့ရပါပြီ။
မာကိုရဲ့ မိသားစုကတော့ သူတို့ရဲ့ ကလေးငယ်ကို အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် မျှော်လင့်နေပြီး သူ့ရဲ့ဖခင်ဖြစ်တဲ့ ဖိလစ်ပီက သားဖြစ်သူကို အောင်မြင်စေချင်ဆုံး လူတစ်ယောက်ပါ။
သူက သားဖြစ်သူ သွေးဝမ်းသွားနေတဲ့အချိန်တွေမှာ သူ့ရဲ့သားငယ်ဟာ ဘောလုံးသမားတစ်ယောက် ဖြစ်မလာတော့ပဲ အသက်ဆုံးရတော့မလားဆိုပြီး စိတ်ပူခဲ့မိတယ်လို့ ရင်ဖွင့်ပါတယ်။
Look at those skills!
How old do you think skiller Marco Antonio is? pic.twitter.com/M3sNsY5pO4
— FC Bayern US (@FCBayernUS) May 29, 2018
“သူက သဘာဝကနေပေးတဲ့ တကယ့်လက်ဆောင်ကို ပိုင်ဆိုင်ထားရတာလေဗျာ။ ဒီတော့ သူ ဆေးရုံတက်နေရတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့ တကယ်စိုးရိမ်ခဲ့ရတာပေါ့။ သူက ဘောလုံးသမားကောင်းတစ်ယောက် တကယ့်ကို ဖြစ်လာမှာ”လို့ ဖိလစ်ပီ က ဆိုပါတယ်။
မာကို ကို လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့က ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အသက် (၈)နှစ်နဲ့ ပရိသတ် (၁၂)သန်း ပိုင်ဆိုင်ထားတဲ့ ဘောလုံးသမားလေးရဲ့ ပုံရိပ်ကို အသင်းကြီးတွေက အသုံးပြုချင်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဆိုရှယ်မီဒီယာပေါ်ရောက်လာခဲ့တဲ့ ဘောလုံးစွမ်းရည်ပြ ဗီဒီယိုတစ်ခုကနေ မာကို တစ်ယောက် နာမည်ကြီးလာခဲ့တာဖြစ်ပြီး သူ့ရဲ့ဘောလုံးပါရမီ ဘယ်လောက်ရှိသလဲဆိုတာ အားလုံးမြင်တွေ့ခဲ့ရပါတယ်။
ဘောလုံးပါရမီရှင်တွေကို မကြာခဏ မွေးထုတ်ပေးတတ်တဲ့ ဘရာဇီးနိုင်ငံရဲ့ ရေခံမြေခံကြောင့် မာကို တစ်ယောက် နာမည်ကျော်ကစားသမားတစ်ယောက် ဖြစ်လာမလား၊ သူ့ရဲ့အောင်မြင်မှုက ဘယ်လောက်အထိ ရောက်ရှိလာမလဲဆိုတာ အားလုံးစောင့်ကြည့်ကြရပါဦးမယ်။