နယူးယောက်၊ ဧပြီ ၅
CNN သတင်းဌာနမှ ရုပ်သံအစီအစဉ်တင်ဆက်သူ Brooke Baldwin သည် COVID-19 ရောဂါလက္ခဏာများခံစားရသဖြင့် စမ်းသပ်စစ်ဆေးကြည့်ရာ ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
"ကျွန်မ အဆင်ပြေပါတယ်၊ မနေ့က မွန်းလွဲပိုင်းမှာ ရုတ်တရက် ဖျားနာ ကိုက်ခဲပြီးတော့ အအေးမိသလို ဖြစ်လာခဲ့တာပါ ” ဟု Baldwin က သူမ၏ Instragram တွင် ပို့စ်ရေးတင်ခဲ့သည်။
နယူးယောက်ရှိ CNN သတင်းဌာနတွင် ရုပ်သံတင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် Baldwin က သူမအနေဖြင့် ကြိုတင်ကာကွယ်မှုများအားလုံးကို စနစ်တကျ လိုက်နာနေပြီး သီးခြားကန့်သတ်နေထိုင်ကာ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နေသည်ဟု ပြောသည်။
ဗိုင်းရပ်စ်ကူးစက်ခံနေရသော်လည်း Baldwin က သူမကိုယ်သူမ ကံကောင်းသူတစ်ဦးဟု သတ်မှတ်ထားပြီး မကြာမီ ရုပ်သံအစီအစဉ်များပြန်လည်တင်ဆက်ရန် မျှော်လင့်ထားသည်ဟုဆိုသည်။
"ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ချီးမွမ်းလိုက်ကြပါ၊ သူတို့အတွက် ကျွန်မ မေတ္တာတွေ ပို့သပေးနေပါတယ်" ဟု Baldwin က သူမ၏ Instagram ရေးသားခဲ့သည်။