ဧပြီလ ၄ ရက် ၂၀၂၀ ပြည့်နှစ်။ ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်သောအားဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် နေ့စဉ်ဖွင့်နေသည့် ဈေးများကို တစ်ပတ်သုံးရက်သာ ဖွင့်လှစ်ရောင်းချရန် ဧပြီ ၁ ရက်နေ့ကစ၍ ကယားပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်သလို ကျန်ရက်များတွင်လည်း ဈေးအတွင်း ဆေးဖျန်းခြင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြုလုပ်နေသည်။
“အခုပြန့်နှံ့နေတဲ့ COVID–19 ကိစ္စနဲ့ ပတ်သက်ပြီး လူတွေ အသွားအလာများတဲ့ ဈေးတွေ အပေါ်မှာ ကြို တင်ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးဖြန်းမယ့် အစီအဉ် ရှိတဲ့အတွက်ကြောင့် ဈေးတွေကို တနင်္လာ၊ ဗုဒ္ဓဟူ၊ စနေနေ့ကိုပဲ ဈေးဖွင့်ရက်အဖြစ် သတ်မှတ်ပြီးတော့ ကျန်ရက်တွေမှာ နေစဉ် ပို့သတ်ဆေးဖြန်းမှာ ဖြစ်ပါတယ်”လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်အရာရှိ ဦးသန်းထွန်းက သတင်း ထောက်များကို ယမန်နေ့က ပြောသည်။
ဆက်ပြီးတော့ “ပိုးသတ်ဆေး ဖြန်းတဲ့နေရာမှာ သီရိမင်္ဂလာဈေး ( တောင်ဈေး )၊ ကန္တာရဝတီ နှစ်ထပ် ဈေး၊ နောက် ကျွန်တော်တို့ ငါးရက် တစ်ဈေးဖြစ်တဲ့ နောင်ယားဈေးပေါ့၊ နောင်ယားဈေးကိုတော့ ကျနော်တို့ မပိတ်ဘူး။ ” လို့ ဦး သန်းထွန်းက ဆိုသည်။
အလားတူ ယနေ့ လွိုင်ကော်မြို့ ဒေါဥခူ ရပ်ကွက်အတွင်းရှိ ဒေါဥခူ မနက်ဈေးကိုလည်း တပတ်မှာ သုံးရက်သာဖွင့်ဖို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဈေးရောင်းနေသူများကို လာရောက်ပြောကြားသည်။
ဒေါဥဈေးသည် ဝက်သား၊ ငါး၊ ကြက်နှင့် ဟင်း သီးဟင်းရွက်တို့ကိုသာ ရောင်းချပေးနေသည့် မနက်ဈေး ကလေးဖြစ်ပြီး ဆိုင်ခန်း ၁၀ ခန်း လောက်သာ ရှိသည်။
ထို့အပြင် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ရောင်းချနေသော စာသောက်ဆိုင်၊ ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ အဖျော်ယမကာဆိုင်နှင့် စားသောက်ဖွယ်ရာများ ရောင်းချလျှက်ရှိသော ဆိုင်ရှင်များ အနေဖြင့် COVID- 19 ကာကွယ်ရေး အနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချပေးရန် စည်ပင်အဖွဲ့က မေတ္တာရပ်ခံထားသည်။
နှစ်ထပ်ဈး အနီးတွင် မနက်ပိုင်း ဆန်ခေါက်ဆွဲရောင်းနေသည့် ဈေးသည် အမျိုးသမီးတစ်ဦးကတော့ ဒီရောဂါကြောင့် အခုရက်ပိုင်း ရောင်းအားကျလာပြီး ဒီလို ရက်ကြာလာရင်အရှုံးပေါ်နိုင်ကြောင်း ပြော သည်။