မန္တလေးမြို့တွင် ပြည်ပမှ ပြန်လာသည့်သူများအား ထားရှိ စောင့်ကြည့်ရန် ကန်တော်ကြီး သံဃာ့ဆေးရုံကြီးတွင် လူ ၁၇၀ ဦးစာအတွက် ကြိုတင်ပြင်ဆင်မှုများကို မတ်လ ၂၈ ရက် ညနေ ၄ နာရီက ပြုလုပ်သည်။
မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသန်းခိုင်က "အဆောင် နှစ်ဆောင်ပေါ့။ အဆောင် ၁၂ နဲ့ ၁၄။ အဆောင် ၁၂ မှာတော့ ဧည့်သည် စောင့်ကြည့်ဧည့်သည်ပေါ့။ အဆောင် ၁၂ မှာ ၈၃ ကုတင်၊ အဆောင် ၁၄ မှာ ၈၇ ကုတင်ပြင်ဆင်ထားပါတယ်။"ဟု ပြောသည်။
ကျန်းမာရေးအဖွဲ့များက ပြင်စည်း၊ အတွင်းစည်းများဖြင့် အဖွဲ့များဖွဲ့ကာ စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါဆေးရုံတွင်ထားရှိမည့် စောင့်ကြည့်လူနာ ၁၇၀ အတွက် နေထိုင်စားသောက်နိုင်ရန်အတွက် အသုံးအဆောင်ပစ္စည်းများကို အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း လှူဒါန်းကြောင်း သိရသည်။
"မန္တလေးသဃာ့ဆေးရုံမှာ Quarantine Center ဖွင့်နိုင်ဖို့အတွက် လူ ၁၇၀ စာအတွက် အစားအသောက်အသုံးဆောင်ပစ္စည်းတွေ လှူဒါန်းရခြင်းဖြစ်ပါတယ်။"ဟု အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောသည်။
စောင့်ကြည့်လူနာများ ထားရှိရန်အတွက် အဆောင် ၁၂ နှင့် ၁၄တို့၏ ပြင်ဆင်ထားရှိမှုကို နယ်စပ်ရေးရာနှင့်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ကြည့်ရှု့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။