ဩစတြီးယားအစိုးရက COVID-19 ကူးစက်ဖြစ်ပွားမှု ရပ်တန့်အောင် လူစုရုံးမှုတွေနဲ့ ခရီးသွားလာမှုတွေကို ကန့်သတ်လာပြီးနောက်မှာတော့ ဗီယင်နာက အသုဘနာရေးလုပ်ငန်းတွေဟာ အွန်လိုင်းကနေပဲ အသုဘနာရေးတွေ လုပ်ဖို့ ဗုဒ္ဓဟူးနေ့ကစလို့ ကမ်းလှမ်းလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေ လုံးပမ်းနေရချိန်မှာ ဩစတြီးယားနိုင်ငံမှာ လူငါးဦးထက်ပိုပြီး လူမစုရုံးရန်နဲ့ သွားလာမှုတွေကို ကန့်သတ်တင်းကျပ်လာခဲ့တာ ဖြစ်ပါတယ်။
ဗီယင်နာက အကြီးဆုံး ပုဂ္ဂလိက နာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Himmelblau ဟာ သောကြာနေ့ကစပြီး အသုဘနာရေးတွေကို live stream တိုက်ရိုက်ထုတ်လွှင့်ပြီး အွန်လိုင်းကနေ အသုဘနာရေး ပို့ဆောင်မှုတွေကို စတင် ဝန်ဆောင်မှု ပေးလာခဲ့တာဖြစ်တယ်လို့ ယင်း လုပ်ငန်းရဲ့ ဒါရိုက်တာဖြစ်သူ ဂျက်ကော့ဟိုမန်းက ပြောပါတယ်။
ခုလို နာရေးချတာကို အွန်လိုင်းပေါ်ကနေပဲ ပို့ဆောင်နိုင်တဲ့ ဝန်ဆောင်မှု စတဲ့အချိန်ကစပြီး အသုဘ ခြောက်ခုကို ဝန်ဆောင်ပေးနိုင်ခဲ့ပြီး ဒီလို အွန်လိုင်းပေါ်က အသုဘပို့ဆောင်တဲ့ အခမဲ့ ဝန်ဆောင်မှုကို စိတ်ဝင်စားသူ များလာကြောင်း ဟိုမန်းက ပြောပါတယ်။
“နာရေး လိုက်ပါ မပို့ဆောင်နိုင်ကြတဲ့ ဆွေမျိုးသားချင်းတွေအတွက်တော့ တော်တော် စိတ်မကောင်းဖြစ်စရာပါပဲ။”လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။
အခု ဝန်ဆောင်မှု ပေးရာမှာ နာရေးချတာကို မိုဘိုင်းဖုန်းကနေ ဗီဒီယို ရိုက်ပြီး Zoom အွန်လိုင်းပလက်ဖောင်းက တစ်ဆင့် password ခံပြီး ထုတ်လွှင့်တာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုကို ရယူပြီး အွန်လိုင်းကနေပဲ နာရေးပို့ဆောင်သူတွေအနေနဲ့ သူတို့ ဆန္ဒရှိရင် နာရေးဗီဒီယိုကို အခြားသူတွေကိုလည်း ဖြန့်ဝေနိုင်တာ ဖြစ်ပါတယ်။
“ခရီးသွားလာခွင့် တားမြစ်ချက်တွေနဲ့ တင်းကျပ်တဲ့ လုပ်ငန်းစဉ်တွေကြောင့် လူတစ်ဦးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ဖို့က မဖြစ်နိုင်တော့ဘဲ ရှိနေတော့တယ်။”လို့ နာရေးချတာကို အွန်လိုင်းကနေ ဝန်ဆောင်မှုပေးလာတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ Bestattung und Friedhoefe Wien လုပ်ငန်းက ပြောခွင့်ရအမျိုးသမီး နီနာလမ်မာမေယာက ပြောပါတယ်။
“အခု ဝန်ဆောင်မှုကြောင့် နာရေးလိုက်ပါ မပို့ဆောင်နိုင်သူတွေအနေနဲ့ ဘေးအန္တရာယ် တစ်စုံတစ်ရာမရှိဘဲ အွန်လိုင်းကနေပြီးပဲ နာရေး ပို့ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
လူဦးရေ ကိုးသန်းကျော်ရှိရာ ဩစတြီးယားနိုင်ငံမှာ လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁ ဦး အပါအဝင် ဗိုင်းရပ်စ် ကူးစက်သူပေါင်း ၅၅၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
အလားတူ အွန်လိုင်းနာရေး ဝန်ဆောင်မှုမျိုးကို ပြင်သစ်နဲ့ စပိန်အပါအဝင် အခြားနိုင်ငံတွေမှာလည်း လုပ်ဆောင်လာလျက် ရှိနေပါတယ်။