မတ် ၂၄။ ။နိုင်ငံတော်သမ္မတရုံးမှပေးပို့ထားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ချေးယူရန် အဆို အား ယခုသီတင်းပတ်၌ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး ယနေ့ မတ်လ ၂၄ ရက်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
ထိုအဆိုပြုချက်သည် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းမှ ငွေကြေးအကူအညီများနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများကို ရရှိမည်ဖြစ်ကြောင်း ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ စံရွှေဝင်း က ထောက်ခံပြောဆိုလျက် အဆိုပြုချက်ကို သဘောတူညီခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိထားပြီး အာဏာပိုင်များအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အရေးတကြီး တုံ့ပြန်လုပ်ဆောင်ရန်လိုအပ်နေသည်။
အဆိုပါချေးငွေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အဆင်ပြေချောမောစွာဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်ကလည်း ထောက်ခံပြောဆိုခဲ့သည်။
မြန်မာအစိုးရသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်းပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်တား ဆီးရန်နှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အစီအမံများစွာကို ဆောက်ရွက်လျက်ရှိသည်။