ကာလကတ္တား၊ မတ်လ ၂၃။ ။ အသက် ၅၀ အရွယ် ဦးသင်းဉာဏ်သည် မတ်လ ၂၀ ရက်နေ့က အိန္ဒိယနိုင်ငံ၊ကာလကတ္တားကနေ ရန်ကုန်ကို ထွက်ခွာမည့် Indigo လေကြောင်းလိုင်း၏ နောက်ဆုံး လေယာဉ်ပေါ်သို့ မတက်နိုင်ဘဲ သောင်တင်နေပါသည်။
သူသည် ကာလကတ္တားလေဆိပ် ဂိတ် 3C ထဲက ကြမ်းပြင်ပေါ်မှာ ထိုင်လိုက် အိပ်လိုက်နှင့် အိမ်ပြန်ရန် မျှော်လင့်ချက် မဲ့နေပါသည်။
နိုင်ငံခြားသား အဝင်အထွက်များသည့် တခြားနိုင်ငံများမှာ နိုင်ငံတွင်း ဝင်ရောက် လာသူများတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေခြင်းကို စိုးရိမ်မှုများရှိနေကြသည့်အလျောက် သူ့ကို မည်သူမှ စကား လာမပြော ကြပါ။
ဒေသခံ အိန္ဒိယနှင့် ဘင်္ဂါလီလူမျိုးများက ဗမာစကားကို နားမလည်ကြသလို ဦးသင်းဉာဏ်ကလည်း ဗမာစကား ကလွဲပြီး တခြား ဘာသာစကား မပြောနိုင်ခြင်းက အခက်အခဲ တစ်ခုဖြစ်နေသည်။
ထို့ကြောင့် ဦးသင်းဉာဏ်၏ အခြေအနေနှင့် ပတ်သက်ပြီး လေဆိပ်မှ လုံခြုံရေးဝန်ထမ်းများက မြန်မာကောင် စစ်ဝန်ရုံးသို့ အကြောင်းကြားခဲ့ရာ ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းတစ်ဦး လေဆိပ်ကို ရောက်လာကာ ဦးသင်းဉာဏ် ကို မေးမြန်းကြည့်ရာမှာတော့ ဦးသင်းဉာဏ်သည် သူ့အဖွဲ့နှင့် လူစုကွဲသွားပြီး လေယာဉ်လွဲသွားသည်ဟု သိရ ကြောင်း ဆိုသည်။
ဦးသင်းဉာဏ်နှင့်အတူ လာသည့် မြန်မာမွတ်စလင်အဖွဲ့သည် Rajasthan ပြည်နယ်က နာမည်ကြီး Ajmer Sharif ဗလီသို့ လာရောက် လည်ပတ်ပြီးနောက် မတ်လ ၁၉ ရက်က Indigo လေကြောင်းလိုင်းဖြင့် ဒေလီမြို့ သို့ ပြန်ရောက်လာကာ ထိုညမှာပဲ ရန်ကုန်သို့ ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။
နယူးဒေလီလေဆိပ် ပုံ - ချစ်မင်းထွန်း
အမည်မဖော်လိုသူ လေဆိပ်လုံခြုံရေး တာဝန်ရှိသူတစ်ဦးက“ကောင်စစ်ဝန်ရုံးကလည်း ဘာမှ အကူအညီ မရဘူး၊ ခရီးနဲ့ စာရွက်စာတမ်းတွေ ပျောက်တယ်ဆိုရင် အသစ်ထုတ်ပေးလို့ ရပါတယ်၊ ဒါပေမယ့် သူ့မှာ နိုင်ငံကူး လက်မှတ်ရော၊ ဒေလီမှာ ထုတ်ထားတဲ့ ရန်ကုန်ပြန်မယ့် Boarding Pass ရော ကာလကတ္တားကို လာတဲ့ Boarding Pass ရော ရှိနေတယ်”ဟု ပြောသည်။
ဦးသင်းဉာဏ်၏ ပစ္စည်းများကမူ ဒေလီတွင် check-in လုပ်ပြီးသားဖြစ်နေခြင်းကြောင့် ရန်ကုန်သို့ ထွက်မည့် လေယာဉ်ပေါ် ပါသွားပြီ ဖြစ်သည့်အတွက် သူနှင့်အတူ ကျောပိုးအိတ် အသေးတစ်လုံး၊ နိုင်ငံကူးလက်မှတ်၊ Boarding Pass နှင့် ငွေတချို့တို့တော့ ရှိနေသေးသည်။
လေဆိပ်လုံခြုံရေးဝန်ထမ်းတစ်ဦးက “လေဆိပ်ထဲမှာ ဝယ်စားရတာ သောက်ရတာ အရမ်းဈေးကြီးတော့ နောက် တစ်ရက်၊ နှစ်ရက်နေရင် သူငွေပြတ်လိမ့်မယ်”ဟု ပြောပါတယ်။
Indigo လေကြောင်းလိုင်း တာဝန်ရှိသူကတော့ ဦးသင်းဉာဏ်ကို ရန်ကုန်သွားမည့် နောက် လေယာဉ် တစ်စီး နှင့် တင်ပေးမည်ဟု ပြောသည်။
အိန္ဒိယမှာ မတ်လ ၃၁ ရက်အထိ ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် မည်သည့် အချိန်မှ ရန်ကုန်ပြန်နိုင်မည်ဆိုခြင်းကိုတော့ မသိသေးပါ။
ဦးသင်းဉာဏ်၏ ဗီဇာသက်တမ်းမှာ ဧပြီလ ၁၅ ရက်ထိ ရှိပါသည်။
သူ ကာလကတ္တားလေဆိပ်မှာ ဆက်နေနိုင်ရန် အနည်းဆုံး မြန်မာကောင်စစ်ဝန်အနေနှင့် ထောက်ပံ့မှုများ ပေးမှ ရမည်ဖြစ်သည်။