မတ်လ ၅။ ။ Frontier Myanmar သတင်းထောက် မနော်ဘတ်တီဟန်နှင့် မြန်မာတိုင်းမ် ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့ နှစ်ဦးကို ယနေ့ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက မဇ္ဈိမသို့ ပြောသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက “ခုဏက ကျနော်ချက်ချင်းပဲ ပြန်လွှတ်ခိုင်းလိုက်ပြီနော်။ ကျနော်မသိလို့။ မနေ့ညက ဘာကြောင့်ဖမ်းရသလဲဆိုတာ ကျွန်တော်မေးတာ။ သူပြောတာက ဓာတ်ပုံလာရိုက်တယ်တဲ့။ လာရိုက်ရင် လာရိုက်ပေါ့လို့။ ပြီးတော့အဲဒီကာစီနာ ကျောင်းအကြောင်းရေးတာတို့ ဘာညာပေါ့ပြောတယ်။ ကျွန်တော်ပြောတယ်၊ သူတို့သတင်းထောက်တွေလေ။ ရေးရေးပေါ့။ အဲဒါတော့ အခုပြန်လွှတ်ခိုင်းလိုက်ပြီ။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်နော်။ ”ဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
အဆိုပါ သတင်းထောက်နှစ်ဦးကို ဘားအံမြို့ကို ပို့ဆောင်ကာ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးခဲ့သူကိုလည်း အရေးယူဖို့ ပြင်ဆင်နေကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
Frontier Myanmar သတင်းထောက် မနော်ဘတ်တီဟန်ကို ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ် (၁) နယ်စပ်ဂိတ်အနီးတွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF ) က ထိန်းသိမ်းခဲ့ကြောင်း Frontier Myanmar က ပြီးခဲ့သည့် နာရီပိုင်းအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။