ဖေဖော်ဝါရီ ၂၆။ ။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စသန် ပြည်နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ဘတ်စ်ကားတစ်စီး တံတားပေါ်ကနေ မြစ်ထဲ ထိုးကျခဲ့၍ ခရီးသည် ၂၄ ဦးထက်မနည်း သေဆုံးသွားသည်ဟု သိရသည်။
အဆိုပါ ဘတ်စ်ကားသည် မင်္ဂလာဆောင်သွားမည့်သူများကို တင်ဆောင်မောင်းနှင်လာခြင်းဖြစ်ပြီး ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဘတ်စ်ကား ဒရိုင်ဘာသည် တံတားတစ်ခုကို ဖြတ်သန်းမောင်းနှင်စဉ် ကားကို မထိန်းနိုင်တော့သည့်အတွက် ယခုကဲ့သို့ ဘတ်စ်ကား မြစ်ထဲ ကျသွားခြင်း ဖြစ်ကြောင်း ဘွန်ဒီ ဒေသ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရှရီဗာ မီးနာက ပြောသည်။
“ဘတ်စ်ကားက မင်္ဂလာဆောင်သွားမယ့် အဖွဲ့တစ်ခုကို လိုက်ပို့တာပါ၊ ခုတော့ တံတားပေါ်ကနေ အောက်ကို ကျသွားခဲ့ပါတယ်” ဟု မီးနာက ပြောသည်။
အိန္ဒိယတွင် တစ်နှစ်လျင် လူပေါင်း ၁၅၀,၀၀၀ ကျော် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးလျက် ရှိပြီး မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှု အားနည်းမှုတို့နှင့် အဓိကသက်ဆိုင်နေကြောင်း သိရသည်။