ဖေဖော်ဝါရီ ၂၄။ ။ အီတလီမြောက်ပိုင်းမှာ ကိုရိုနာ ရောဂါခြေချုပ်အဖြစ် မြို့တွေကို ပိတ်နေပြီဖြစ်တာကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နေရပါတယ်။
ပြည်သူအချို့ဟာဆိုရင် ရောဂါခြေချုပ်အဖြစ် ခရီးသွားလာခွင့်တွေ ပိတ်ပင်ခံရတော့မှာ ဖြစ်တာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို ဈေးဆိုင်၊ စတိုးဆိုင်တွေမှာ စီတန်းစောင့်ဆိုင်းပြီး ဝယ်ယူနေကြရပါတယ်။
ကိုရိုနာကြောင့် သေဆုံးသူဦးရေဟာ နိုင်ငံအတွင်းမှာ သုံးဦးအထိ ရှိသွားပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၂ ဦး ရှိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောပါတယ်။
လက်ရှိမှာဆိုရင် လွန်ဘာဒီပြည်နယ်က မြို့ ဆယ်မြို့နဲ့ ဗီနီတိုပြည်နယ်က တစ်မြို့ကို ရောဂါခြေချုပ်အဖြစ် ပိတ်ထားထားတာကြောင့် မြို့ခံပြည်သူ ငါးသောင်းကျော်ဟာ ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ခံထားရပြီ ဖြစ်ပါတယ်။
အားကစားပြိုင်ပွဲတွေလို လူထုစုရုံးပွဲတွေကို အာဏာပိုင်တွေက ဖျက်သိမ်းထားသလို စာသင်ကျောင်းတွေကိုလည်း ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
ဥရောပမှာ ကိုရိုနာကြောင့် လူသေဆုံးတဲ့ ပထမဆုံးနိုင်ငံဖြစ်လာတဲ့ အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုအရေးအပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လျက် ရှိနေပါတယ်။