ဖေဖော်ဝါရီ ၁၄။ ။ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်မရဘဲ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်အပေါ် စစ်ပွဲဆင်နွှဲခြင်း မရှိစေရေး ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်က အမေရိကန်အ ထက်လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တယ်လို့ သိရပါတယ်။
အီရန်နဲ့ပတ်သက်လို့ သမ္မတ ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲခွင့် အာဏာကို ထိန်းချုပ်မယ့် ယင်း ဥပဒေမူကြမ်းကိုတော့ ဆိနိတ်မှာ ထောက်ခံမဲ ၅၅ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီမူကြမ်းကိုတော့ ဒီမိုကရက်တစ်အမတ်တွေအပြင် ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် အမတ်တစ်ချို့ကပါ ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။
ဒီလို ဥပဒေကြမ်းမျိုးကို အတည်ပြုချက်ပေးမယ်ဆိုရင် အမေရိကန်နိုင်ငံကို အီရန်ရဲ့ခြိမ်းခြောက်မှုရန်အောက်မှာ ပိုပြီး ကျရောက်သွားစေနိုင်အောင် လုပ်သလို ဖြစ်လိမ့်မယ်ဆိုပြီး သမ္မတ ထရမ့်က အစောပိုင်းတုန်းက သတိပေး ခဲ့ပါသေးတယ်။
ဒါဟာ အီရန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီးတစ်ဦးကို ထရမ့် အမိန့်နဲ့ သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလောက်မှာ အထက်ပါ ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က စတင်တင်သွင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီ ဥပဒေမူကြမ်း အိမ်ဖြူတော်ကိုရောက်လာတဲ့အခါကျရင်တော့ သမ္မတ ထရမ့်အနေနဲ့ ဗီတို အာဏာသုံး ပယ်ချဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်တုန်းကတော့ သမ္မတ ထရမ့်အပေါ် စွပ်စွဲပြစ်တင်မယ့် စွဲချက်တွေကနေ လွတ်မြောက်စေဖို့ အမေရိကန်အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ထားခဲ့ပါသေးတယ်။