မန္တလေး၊ ဖေဖော်ဝါရီ ၁၃။ ။ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အကွက် (၃၂၃) ၃၅လမ်းဒေါင့် အကွက် (၃၂၃) ဂေါဝန်ရပ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင်သန့်ရှင်းရေးဝန်ထမ်းလိုင်းခန်းတွင် ဖေဖော်ဝါရီလ ၁၃ရက်နေ့က နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်သိရသည်။
မီးလောင်ရခြင်းမှာ အသက် ၉နှစ်အရွယ် ကျောင်းသားတစ်ဦး ထင်းမီးဖြင့်ထမင်းအိုးတည်ရာမှ အနီးရှိ ထရံသို့ကူးစက်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် စည်ပင်သန့်ရှင်းရေးဝန်ထမ်းလိုင်ခန်း ၈ပေ× ၁၅ပေ သွပ်မိုးထရံကာမြေစိုက် ၁၀လုံးနှင့် ၅နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုသည် နံနက် ၇နာရီ ၂၂မိနစ်တွင် စတင်လောင်ကျွမ်းပြီး နံနက် ၇ နာရီ ၃၅မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level 2အဆင့်ရှိပြီး မီးသတ်ယာဉ် ၂၅စီး၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ ရေသည်ယာဉ် ၅စီး၊ သန္ဓေ ၅၀ဦး၊ အရံ ၁၀၀ဦးဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုမတိုင်မှီ မန္တလေးခရိုင်ခုနှစ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁ရက်နေ့မှ ၉ရက်နေ့အထိ မီးလောင် ကျွမ်းမှုကြောင့် ကျပ်သိန်း ပေါင်းနှစ်ရာကျော်ဆုံးရှုံးခဲ့သည်။ ထို့အတွက် မီးသတ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ရက် နေ့က မန္တလေးမြို့တွင်း လှည့်လည်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းများကို ပြုလုပ်ခဲ့သေးသည်။