ဖေဖော်ဝါရီ ၃ ။ ။ မြန်မာ့ထိပ်တန်းလက်ဝှေ့ကစားသမားများ နှင့် UFC ဖိုက်တာဟောင်းများ ကို စာချုပ်ချုပ်ဆို ခေါ်ယူ ထားသည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သော ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် World Lethwei Championshiop ခေါ် WLC ယှဉ်ပြိုင်ပွဲများကို ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံများတွင်လည်း ၂၀၂၀ ပြည့်နှစ်အတွင်း မြင်တွေ့နိုင်ဖွယ်ရှိသည်။
“အမေရိကန်မှာ ကျွန်တော်တို့ကြိုးစားနေတာက မိုင်ယာမီ မှာလုပ်ဖို့ကြိုးစားနေပါတယ်။ Martial arts (ကိုယ်ခံသိုင်းပညာ) ကျွန်တော်တို့လက်ဝှေ့ကို သူတို့ဘက်က တရားဝင်လိုင်စင်ချပေးဖို့ကို ရှေ့နေ နဲ့ လျှောက်လွှာတင်ရပါတယ်။ အဲဒါတွေမပြီးပြတ်သေးတဲ့အခါကြတော့ ဘယ်တော့လည်းဆိုတော့ တော်တော်ခက်ခဲနေပါတယ်။
ဂျပန်မှာကြတော့ ရှေ့ကလက်ဝှေ့ဂျပန်လုပ်ထားတဲ့အခါကြတော့ သိပ်ပြီးတော့မခက်ခဲတော့ပါဘူး။ ဟိုမှကအသစ်ဖြစ်တော့ လိုင်စင်ပြန်တင်ရတော့နည်းနည်းခက်ခဲနေပါတယ် “ ဟု World Lethwei Championship ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇေသီဟက မဇ္စျိမသတင်းဌာနကိုပြောသည်။
WLC ရဲ့ ၂၀၂၀ ခုနှစ်၏ ပထမဆုံးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ က ရန်ကုန်မြို့သိမ်ဖြူအားကစားခန်းမ တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဒုတိယပွဲစဉ်အဖြင့် ဧပြီလ ၃ ရက်နေ့တွင် ကမ္ဘောဒီယား နိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပသွားမည် ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် WLC : KHMER KINGDOM ပွဲစဉ်တွင် ပါဝင်ထိုးသတ်မည် ပြည်တွင်းလက်ဝှေ့ကစားသမားများနှင့်ပတ်သက်ပြီး လက်တလော ထုတ်ပြန်ကြေငြာရာတွင် ရန်နိုင်ထွန်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
WLC အနေဖြင့် UFC ဖိုက်တာဟောင်းဖြစ်သူ ဒေ့ဗ် နှင့်ပြည်ပ ထိပ်တန်း လက်ဝှေ့ကစားသမားအများစုကို စာချုပ် ချုပ်ဆိုထားပြီး UFC ဖိုက်တာဟောင်းများကို စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပွဲစဉ် ငါးပွဲ ၊ မန္တလေးမြို့တွင် ပွဲစဉ် သုံးပွဲ၊ နေပြည်တော် တွင် ပွဲစဉ် နှစ် ပွဲ ၊ ဘားအံ တွင် ပွဲစဉ် တစ်ပွဲတို့ကို ကျင်းပခဲ့ပြီးချိန်တွင် ပထမဆုံးအချိန်ဖြင့် ပြည်ပ ပွဲစဉ် အဖြင့် ကမ္ဘောဒီးယား နိုင်ငံ တွင် ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရသည်။