ဇန်နဝါရီ ၂၆။ ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် နှစ်ရက်အတွင်း ပြင်းထန်သည့် မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့၍ အနည်းဆုံး လူပေါင်း ၃၀ သေဆုံးခဲ့သည်ဟု မီနက်စ် ဂီရိုင်စ်ပြည်နယ် ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်သည်။
မုန်တိုင်း ကျရောက်ပြီး မြေပြိုမှုများ၊ အဆောက်အအုံပြိုကျမှုများ ဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်အထိ လူ ၁၇ ဦး ခန့် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး အခြား ခုနစ်ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။
လူပေါင်း ၃,၅၀၀ ခန့်သည်လည်း နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရသည်ဟု သိရသည်။
မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်ခဲ့ရာ အမြန်လမ်း အတော်များများလည်း အသွားအလာ ပြတ်တောက်ခဲ့ပြီး တံတားတချို့လည်း ပျက်စီးသွားခဲ့သည်။
သေဆုံးသူအများစုသည် မြေပြိုမှု၊ နေအိမ်ပြိုကျမှု တို့ကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။
အနီးအနား ပြည်နယ်များဖြစ်သော ရီယို ဒီဂျနေးရိုးနှင့် အက်စ်ပီရီတို ဆန်တို ပြည်နယ်တို့တွင်လည်း မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
အဆိုပါ နိုင်ငံအရှေ့တောင်ပိုင်း ဒေသတွင် ယခု ရွာသွန်းသည့် မိုးရေချိန်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၁၀ ခန့်က စံချိန်မှတ်တမ်းများ ပထမဆုံး ကောက်ယူခဲ့ပြီးနောက်ပိုင်း အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။