ဇန်နဝါရီ ၂၁ ရက်။ ။ ဈေးကွက်ထဲ ရောက်ရှိနေတဲ့ ကြက်သားစိမ်းတချို့မှာ ဆေးယဉ်ပါးနေသော ဆယ်မိုနဲလားဗက်တီးရီးယားပိုး (Saimonella) တွေ့ရှိနေတဲ့အပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ သေချာစွာ ချက်ပြုတ်စားသုံးသင့်ကြောင်း ဆေးသုတေသနဦးစီးဌာန ၊ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။
မကြာသေးခင် ရက်ပိုင်းက ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးသုတေသန ညီလာခံမှာ တင်သွင်းခဲ့သော စာတမ်းတစ်စောင်အားဖြင့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ် နှင့် သင်္ယန်းကျွန်းမြို့နယ် ဈေးများရှိ ကြက်သားစိမ်းအချို့မှာ ပဋိဇီဝဆေးယဉ်ပါးနေသည့် ဆယ်မိုနဲလားပိုး အများဆုံး တွေ့ရှိနေကြောင်း သိရသည်။
အခုတွေ့ရှိနေရသော ဆယ်မိုနဲလားဗိုင်းရပ်စ်ပိုးသည် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အဆိုပါ ဗက်တီးရီးယားပိုးပါဝင်သော ကြက်သားများကို ကျက်အောင်ချက်ပြုတ်ရင် ပိုးသေနိုင်ကြောင်း ၊ အသားစိမ်း ကိုင်ထားသောလက်ကိုလည်း သေချာစွာဆေးကြောသန့်စင်ရန် လိုအပ်သလို အသားစိမ်းများနှင့် ချက်ပြုတ်ပြီးသား အစားအစာများ အတူမထားသင့်ကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။
ဆေးသုတေသနဦးစီးဌာန ၊ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းမှ “ ဒီသုတေသနစာတမ်း နှင့်ပတ်သက်ပြီး ၊ကြက်သားစိမ်းတွေမှ ပိုးတွေ့ရှိမှု နှင့်ပတ်သက်ပြီး လူတွေ ဘာတွေ သိထားသင့်လဲဆိုတော့ ကြက်သား စားရင် သေသေချာချာ ချက်ပြုတ်စားပါ ။ ကြက်သားစိမ်းတွေကို ကိုင်တွယ်ပြီးတဲ့အခါ ကိုင်တွယ်သူရဲ့ လက် ၊ ပြီးတော့ ကိုင်တွယ်ရမှာ ထိတွေ့တဲ့ပစ္စည်း တွေကို သေချာအောင် ဆပ်ပြာရေနဲ့ စင်ကြယ်အောင်ဆေးကြောပါ။
တတိယတစ်ချက်အနေနဲ့ သားစိမ်းငါးစိမ်းတွေကို သိုလှောင်တဲ့အခါ အလွယ်တကူစားသောက်လို့ရတဲ့ အစားအသောက်တွေနဲ့ မသိုလှောင်မသိမ်းဆည်းပါနဲ့ ၊ ဒီအချက် ၃ ချက်ကို သတိထားရင် လူတွေစိတ်ပူတဲ့ အန္တရာယ်မဖြစ် နိုင်ဘူးလို့ ပြောချင်တယ် “ ကြက်သားစားလို့ ဆယ်မိုနဲလားပိုးကြောင့် အန္တရာယ်မဖြစ်နိုင်ပါဘူး ဟု ပြောသည်။
ဗက်တီးရီးယားပိုးများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဆယ်မိုနဲလားပိုးသည် အောက်ဆီဂျင်မရှိသော နေရာများမှ ပေါက်ပွားနိုင်စွမ်း ရှိကြောင်း သိရသည်။ အဆိုပါ ဆယ်မိုနဲလားဗိုင်းရပ်စ်ပိုးသည် အများအားဖြင့် တိရစ္ဆာန်တွေမှာ တွေ့ရတက်ပြီး ၊ တခြား နို့ နှင့် နို့ထွက်ပစ္စည်း ၊ အသားစိမ်း ၊ ဟင်းခတ်အမွေးအကြိုင်များတွင် ပါဝင်နိုင်ကြောင်း သိရသည်။
ဆယ်မိုနဲလားပိုး ပါဝင်သည့် ကြက်သားကို ရုတ်တရုတ်စားမိရင်တော့ ၄ နာရီ မှ ၆ နာရီ အကြားမှာ ရောဂါလက္ခဏာပြနိုင်ပြီး ထိရောက်တဲ့ကုသမှုကို ခံယူသင့်ကြောင်း ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်းက ပြောသည်။
“ စားမိလို့ ခန္တာကိုယ်ထဲ ရောက်သွားရင် ဥပမာ- ပိုးပွားဖို့ အချိန်တစ်ခုလိုတယ်။ အကြမ်းအားဖြင့် ၁၆ နာရီ ကနေ ၁၈ နာရီ ကြာရင်လည်း ကြာမယ်။ အဲ့တာပြီးရင် တကယ်ရောဂါပေးနိုင်တဲ့ အနေအထားပွားလာရင် ရောဂါလ က္ခဏာ စပြလာမယ်။ အနည်းဆုံး စားပြီး ၄ နာရီ ကနေ ၆ နာရီ ကြာတဲ့အခါ ရောဂါလက္ခဏာ စဖြစ်နိုင်မယ်။ ရောဂါလက္ခဏာစဖြစ်ပြီး ဒီရောဂါပွားနေပြီ ။ အဲ့တာကို ထိရောက်တဲ့ကုသမှု ပေးဖို့ လိုတယ်။ အဲ့တာကလည်း ဆေးယဉ်ပါးတဲ့ ဆေးမဟုတ်ဘဲ ဒီပိုးကို သတ်နိုင်တဲ့ ဆေးမျိုးရွေးချယ်ပေးနိုင် ဖို့ လိုတယ် “ ဟု ၎င်း က ပြောသည်။
ကြက်သားများထဲ ဆယ်မိုနဲလား ဗက်တီးရီးယားပိုး တွေ့ရှိရမှုနှင့် ပတ်သက်ပြီး ဈေးကွက်အတွင်းရှိ ကြက်သားစိမ်း များ နှင့် ကြက်အရှင်များကို စမ်းသပ်မှုဆက်လုပ်သင့်ကြောင်း ဆေးသု တေသနဦးစီးဌာနထံမှ သိရသည်။