ဇန်နဝါရီ ၁၁ ။ ။ အင်ဂိုလာနိုင်ငံတွင် မိုးသည်းထန်ပြီး ရေကြီးရေလွှမ်းမှုများကြောင့် လူပေါင်း ၄၁ ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံနေရကြောင်း အစိုးရက ဇန်နဝါရီ ၉ ရက်၌ ထုတ်ပြန်သည်။
ဇန်နဝါရီ ၆ ရက်က စတင်ကာ ပြင်းထန်သည့် မိုးသည်းထန်မှုကို ပြည်နယ် ၁၈ ပြည်နယ်တွင် ၁၂ ပြည်နယ်မှာ ကြုံတွေ့ခံစားနေရကြောင်း ပြည်ထဲရေးဝန်ကြီး အူဂျီနီးယိုက ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။
သေဆုံးသူမှာ ၄၁ ဦးဖြစ်ပြီး အိမ်ခြေပေါင်း ၃၀၀ ကျော်ထက်မနည်း ရေကြီးရေလွှမ်းမှုအတွင်း ပျက်စီးကြောင်း ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတယ်။”ဟု ၎င်းက ပြောသည်။
ယခု ရေဘေးကို ပြည်သူပေါင်း ၂၀၀၀ ကျော်ထက်မနည်း ရင်ဆိုင်ကြုံတွေ့နေရပြီး အချို့နယ်မြေဒေသများတွင် သောက်သုံးရေနှင့် လျှပ်စစ်ပြတ်တောက်မှုတွေ ဖြစ်နေသည်။
မိုးနည်းပါးပြီး စံချိန်တင်အပူချိန်မြင့်တက်ခြင်းကြောင့် ဒေသတွင်း မိုးခေါမှု ရင်ဆိုင်ကြုံတွေ့နေရစဉ် ယခုကဲ့သို့ မိုးကြီးရွာသွန်းကာ ရေကြီးရေလွှမ်းမှုများ ကြုံလာရခြင်းပဲ ဖြစ်သည်။