ဒီဇင်ဘာ ၂၇။ ။ ကာဇက်စတန်နိုင်ငံတွင် ခရီးသည် ၉၅ ဦး၊ အမှုထမ်း ငါးဦးတို့ လိုက်ပါသွားသည့် ခရီးသည်တင် လေယာဉ်တစ်စင်း ဒီဇင်ဘာ ၂၇ ရက်က ပျက်ကျခဲ့ရာ အနည်းဆုံး လူ ကိုးဦး သေဆုံးခဲ့ကြောင်း လေ ကြောင်းအာဏာပိုင်များက ပြောသည်။
ယင်းနေ့ မနက်ပိုင်းက Bek Air လေယာဉ်သည် အယ်မာတီ မြို့ လေဆိပ်ကနေ ပျံတက်ပြီးနောက် မကြာမီ ပျက်ကျသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ လေယာဉ်ပျက်ကျရာနေရာသို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်း သွားရောက်ကူညီလျက် ရှိပြီး အသက်ရှင်ကျန်ရစ်သူများကို ရွှေ့ပြောင်းစောင့်ရှောက်ပေးလျက် ရှိကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောသည်။
ယင်းလေယာဉ်သည် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အယ်မာတီကနေ မြို့တော် နူရ် ဆူလ်တန် မြို့ဆီ ဦးတည်ပျံသန်းစဉ် ယခုကဲ့သို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အထူး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။