အတ္တလန်တာ၊ ဒီဇင်ဘာ ၁၀။ ။ ၂၀၁၉ ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန်တာရှိ Tyler Perry Studios မှာ ကျင်းပခဲ့ပြီး တောင်အာဖရိက အလှမယ် ဇိုဇစ်ဘီနီတွန်ဇီ က သရဖူ ဆွတ်ခူးရရှိခဲ့သည်။
နောက်ဆုံးဆန်ကာတင်များဖြစ်ကြသည့်မက္ကဆီကိုအလှမယ်နှင့် ပူရီတိုရီကိုအလှမယ်များအကြားမှ အသက် ၂၆ နှစ်အရွယ် ဇိုဇစ်ဘီနီတွန်ဇီက မယ်စကြာဝဠာဆုကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ တွန်ဇီသည် swimsuit ၊ evening gown တို့ဖြင့် အလှပြယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲမေးခွန်းများလည်း ဖြေကြားခဲ့သည်။
တွန်ဇီက “အမျိုးသမီးငယ်လေးတွေကို ယုံကြည်မှုရှိဖို့ ခွန်အားတွေ ပေးချင်ပါတယ်၊ ကျွန်မလို ဆံပင်နဲ့ အသားအရေ ပုံစံမျိုးရှိတဲ့နေရာမှာ ကျွန်မက မွေးဖွားကြီးပြင်းလာခဲ့တာပါ၊ လှတယ်လို့ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး၊ ဒီနေ့တော့ အဲဒီအမြင်ကို အဆုံးသတ်ချိန်ရောက်ပါပြီ ”ဟု ပြောသည်။
ယခုနှစ် မယ်စကြဝဠာပြိုင်ပွဲသည် ၆၈ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှ ပြိုင်ပွဲဝင်ပေါင်း ၉၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ တွန်ဇီအား ၂၀၁၈ ခုနှစ်မယ်စကြာဝဠာဆုရှင် ဖိလစ်ပိုင်သူ Catriona Gray က သရဖူဆောင်းပေးခဲ့သည်။
မြန်မာနိုင်ငံမှ အလှမယ် ဆွေဇင်ထက်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က နှုတ်ဆက်ထွက်ခွါသွားခဲ့ရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/