မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်သည် ယနေ့ ညနေ ၆ နာရီ ၅၇ မိနစ်တွင် ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း မိသားစုဝင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါက်တာထွန်းလွင်သည် အောက်တိုဘာ ၁၉ ရက်နေ့ကတည်းက ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူနေခဲ့ရသည်။
"ကျန်းမာတော်မူကြပါစခင်ဗျာ"ဟု အစချီပြီး မြန်မာနိုင်ငံ၏ မိုးလေဝသခန့်မှန်းချက်များကို သူ၏ ဖေ့စ်ဘွတ်မှ မှန်မှန်ထုတ်ပြန်တတ်သူ ဒေါက်တာထွန်းလွင်သည် ဧရာဝတီမြစ်ဖျားတွင် ဆောက်လုပ်ရန် စီစဉ်ထားခဲ့သော မြစ်ဆုံဆည်စီမံကိန်းကို တစိုက်မတ်မတ် ကန့်ကွက်ခဲ့သူဖြစ်သည်။
သူသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သည်။
၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော လူသိန်းနှင့်ချီသေဆုံးခဲ့သည် နာဂစ်မုန်တိုင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာဖြစ်သော မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ရန် ပျက်ကွက်ခဲ့ခြင်းအဖြစ်ပျက်က သူ့ကို လူအများစိတ်ဝင်စားမှုခံရသော ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
နိုင်ငံပိုင် မြန်မာ့ရုပ်သံကြား သတင်းအစီအစဉ်တွင် လပတ် မိုးလေဝသသတင်းကြေညာသူအဖြစ် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ထမ်းဆောင်ခဲ့သည်။
၄၅ နှစ်ခန့်ကြာ အစိုးရအမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကျန်းမာရေးကြောင့် အနားယူပြီးနောက် မိုးလေဝသနှင့် ဇလဗေဒလုပ်ငန်းများတွင ်သုတေသီအဖြစ် ဆက်လက်လုပ်ဆောင်ခဲ့ရာ လူချစ်လူခင်လည်း များခဲ့သည်။