ရန်ကုန်၊ နိုဝင်ဘာ ၁။ ။ ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက် ဦးဆောင်ကော်မတီ အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၏ဘတ်ဂျက်ငွေ ကျပ်သိန်း(၆၇၀)အတွက် ကော်မတီအဖွဲ့ဝင်အချင်းချင်း စွပ်စွဲချက်များရှိခဲ့ပြီးနောက် ဦးဆောင် ကော်မတီနာယက အဖွဲ့ဝင်များကို ထပ်မံရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဦးဆောင်ကော်မတီအသစ်ဖွဲစည်းရန်အတွက် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotelတွင် စတုတ္ထကြိမ်မြောက်စုံညီညီလာခံကို အောက်တိုဘာ၂၉ရက်မှ ၃၁ရက်နေ့အထိ သုံးရက်တာ ပြုလုပ် ခဲ့ပြီး အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။
စုံညီ ညီလာခံမှ ရွေးချယ်ဖွဲ့စည်းလိုက်သည့် နာယကအဖွဲ့ဝင်(၅)ဦးမှာ ခန္တီဖောင်းဒေးရှင်း ဒါရိုက်တာ ဒေါ်ရင်ရင်ဝင်း ၊ တရားလွှတ်တော်ရှေ့နေ ဦးဌေး၊ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုး၊ မီးပြတိုက်ဖောင်ဒေး ရှင်းနာ ယက ဦးတင်ဝင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြတ်စံ ဖြစ်ကြောင်း အဆိုပါ နာယကအဖွဲ့ဝင်(၅)ဦးကို ဦးဆောင်ကော်မတီဝင် (၁၃)ဦး စုစုပေါင်း ၁၈ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
"တိုင်ကြားစာထဲမှာပါတာက ဒီအချက်တင်မဟုတ်ဘူး၊ ရန်ကုန်တိုင်း အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်ကအစိုးရက ချမှတ်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို သွေဖည်ပြီးလုပ် ဆောင်နေတယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး။ သတင်းအချက်အလက်တွေ မစီးဆင်းဘူးဆိုပြီး စွပ်စွဲတာတွေ ရှိပါတယ်"ဟု ကော်မတီနာယကအဖွဲ့ဝင်သစ်ဖြစ်သော ဦးမိုဃ်းသွေးက ပြောသည်။
အဆိုပါ ဘက်ဂျက်ငွေကျပ်သိန်း(၆၇၀)ကို ငြိမ်းချမ်းရေးဖိုရမ်လုပ်ငန်းစဉ်များအတွက် လုပ်ဆောင်ကာ ငွေရှင်းတမ်းနှင့်အတူ လက်ကျန်ငွေများကို ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်း ဘဏ္ဍာရေး လုပ်ငန်းစဉ် များကို တာဝန် ယူထားသည့် အလင်းစေတမာန်အဖွဲ့မှ မသက်သက်အောင်ကဆိုသည်။
ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်အနေဖြင့် ပြည်သူဘက်မှ ရပ်တည်ကာ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုရရှိရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ် ပေါက်လာစေရန် လုပ်ဆောင်သွားမည်ဟု သိရသည်။
ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်သည် ရန်ကုန်တိုင်းအတွင်း အခြေစိုက်ပြီး နိုင်ငံတော်အစိုးရ၊ လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများရဲ့ ထိန်းချုပ်မှူအောက်မှာ မရှိဘဲ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ် သမဂ္ဂ၊ ကွန်ယက်များနှင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/