ပုသိမ်၊ အောက်တိုဘာ ၁၅။ ။ ပိတ်ရက်များကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း က ပြောသည်။
“ခရီးသည်ဝင်ရောက်လာမှုက နှစ်စဉ်တိုးတက်လာတဲ့အနေအထားရှိပါတယ်။ ဒီနှစ်မှာလည်း အားလုံးသိကြတဲ့ အတိုင်း ပိတ်ရက်တွေကများတဲ့အတွက် ဧည့်သည်များ တိုးတက်ဝင်ရောက်ဖို့ အနေအထား အလာအလာ အများကြီး တွေ့ရပါတယ်”ဟု ဦးဇော်လင်းထွန်း က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ဒေသတွင် ၂၀၁၇ခုနှစ်၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၇၃၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ခရီးသွားဧည့်သည် ၅၅၀၀၀ကျော် ဝင်ရောက်ခဲ့ကြောင်း ၂၀၁၉ခုနှစ်တွင် ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသွားဧည့်သည် ၃၅၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ငွေဆောင်ဒေသ၌ ၂၀၁၇ခုနှစ်တွင် ပြည်တွင်းပြည်ပဧည့်သည် ၁၄၂၆၁၆ဦး၊၂၀၁၈ ခုနှစ်တွင် ပြည် တွင်းပြည်ပ ဧည့်သည် ၁၇၆၈၁၉ဦး၊၂၀၁၉ခုနှစ်တွင် ဇန်နဝါရီလမှ သြဂုတ်လအထိ ပြည်တွင်း ပြည် ပဧည့်သည် ၁၄၅၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ချောင်းသာဒေသတွင်လည်း ၂၀၁၇ခုနှစ်တွင် ပြည်တွင်း ပြည်ပဧည့် သည် ၁၈၂၅၆၃ ဦး၊၂၀၁၈ ခုနှစ်တွင် ပြည်တွင်းပြည်ပဧည့်သည် ၅၂၄၄၈၉ ဦး ၊ ၂၀၁၉ခုနှစ်တွင် ဇန်ဝါရီလမှ သြဂုတ်လ အထိပြည်တွင်းပြည်ပဧည့်သည် ၄၁၀၀၀ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ သိရှိသည်။
“ဧည့်သည်ဝင်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ဧည့်သည်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်ကိုလည်း ဟိုတယ်များကိုခေါ်ယူဆွေးနွေးပြီးေတာ့ ဧည့်သည်များ လိုက်နာရမယ်အချက်တွေ ကို မိမိဟိုတယ်လာတဲ့ဧည့်သည်များကို သတိပေးဖို့ညွန်ကြားထားပြီးဖြစ်ပါတယ်။ ဧည့်သည် အဝင်များတဲ့ အချိန်မှာ အများဆုံးကြုံတွေ့ရတာ ကားပါကင်အခက်အခဲ ဖြစ်ပါတယ်။ ကားတွေပိတ်ဆို့မှုကြောင့် မတော်တဆ ဖြစ်ပေါ်မှုမရှိစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးဇော်လင်းထွန်း ကဆက်ပြောသည်။
ထိုသို့ ခရီးသွားဧည့်သည့်များဝင်ရောက်လာချိန်တွင် ကမ်းခြေ၌ တရားဝင်ရောင်းချခွင့်ပြုထားသည့် ဆိုင်များကို သတ်မှတ်စည်းကမ်းများနှင့် အညီရောင်းချရန်၊ စည်းကမ်းမဲ့ အမှိုက်များမစွန့်ပစ်ရန် စည်ပင်သာယာရေး အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့်ပေါင်းစပ်ပြီး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ငွေဆောင်ဒေသ၌ ခရီးသွားဧည့်သည်များ အန္တရာယ် မဖြစ်စေရေးအတွက်လည်း ရေကူးရန် မသင့် တော်သော နေရာများကို အင်္ဂလိပ်၊မြန်မာ ၊တရုတ် စသည့် ဘာသာစကားသုံးမျိုးဖြင့် အသိပေး ဆိုင်းဘုတ်များ တပ်ဆင်ထားကြောင်း သိရသည်။