မန္တလေး၊ အောက်တိုဘာ ၈ ။ ။ ပြင်ဦးလွင်မြို့၏ အထင်ကရတစ်ခုဖြစ်သည့် လွတ်လပ်ရေးကျောက်တိုင်ကွင်းကို အပန်းဖြေဥယျာဉ်တစ်ခု ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ပြင်ဦးလွင် မြို့မိ မြို့ဖ အထောက်အကူပြု ကော်မတီ၏ အတွင်းရေးမှူးချုပ် ဦးကိုကြီးက မဇ္ဈိမကိုပြောသည်။
"ပထမဆုံး တွေ့ထားတာကတော့ ကျောက်တိုင်ကွင်းကြီးပေါ့။ကျောက်တိုင်ကွင်းကြီးက မှောင်မဲ ဒီအတိုင်း ပစ်ထားတယ်။သိပ်အရေးကြီးတဲ့ နေရာကြီးတစ်ခုပါ။အမှတ်တရ နေရာကြီးတစ်ခုကို ပစ်ထားတာတွေ့ရတယ်။
အဲဒါကြီးကို ပန်းဥယျာဉ်အဖြစ်လုပ်မယ်။"ဟု ဦးကိုကြီးကပြောသည်။
ကျောက်တိုင်ကွင်း၏အရှေ့တွင် အလှပန်းပင် အရိပ်အပင် စသည့်အပင်အမျိုးမျိုးကို စိုက်ပျိုးသွားမှာဖြစ်ပြီး အတွင်း တွင်လည်း အလှမီးများ သဘာဝပေါက်ရောက်ပင်များဖြင့် အလှဆင်သွားမှာဖြစ်ကြောင်း ထို့အပြင် မြို့နေလူထု နံနက်ပိုင်းနှင့်ညပိုင်းတို့တွင် ကျန်းမာရေးအတွက် အားကစားများပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
"ရှေ့က ပန်းပင်တွေဘာတွေထည့်မယ်။နောက်က မီးတွေဘာတွေထည့်မယ်။ပြီးရင် မြို့ထဲကလူတွေ မနက်ပိုင်း ညနေပိုင်းမှာ အားကစားတွေ ဘာတွေ ကျန်းမာရေးအတွက် လုပ်နိုင်တဲ့ဟာတွေ ပထမဆုံးဖြည့်စွက်လုပ်ပေးမယ်။"ဟု ဦးကိုကြီးကဆက်ပြောသည်။
ရှေးယခင်က လွတ်လပ်ရေးကျောက်တိုင်ကွင်းသည် ယခု ပြင်ဦးလွင် မြို့တော်ခန်းမနေရာတွင် တည်ရှိခဲ့သော်လည်း ၁၉၉၇ခုနှစ်တွင် ယခု မီးသွေးတိုင်ကွင်းနေရာသို့ ရွှေ့ပြောင်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
"အထင်ကရနေရာတစ်ခုကို အထင်ကရဖြစ်အောင်လုပ်တာ မြို့အတွက် ကောင်းသတင်းပဲ။ လူငယ်တွေအတွက် လည်း သမိုင်းမမေ့ဘူးပေါ့ဗျာ။"ဟုပြင်ဦးလွင်မြို့ခံ ဦးစည်သူကပြောသည်။
လွတ်လပ်ရေးကျောက်တိုင်ကွင်းကို အပန်းဖြေဥယျာဉ်တစ်ခု ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြသွားမည်ဟု ပြင်ဦးလွင် မြို့မိ မြို့ဖ အထောက်အကူပြု ကော်မတီမှ သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/