ရန်ကုန်၊ အောက်တိုဘာ ၅ ။ ။ စစ်တွေမြို့ပေါ်တွင် အောက်တိုဘာလ ၄ ရက်၊ ညပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးနှင့် အငှားယာဉ်မောင်းတစ်ဦးတို့အား အမည်မသိလူတချို့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု စစ်တွေမြို့မ ရဲစခန်းမှသိရသည်။
“အမှုကအခုမှဖွင့်မှာ မဖွင့်ရသေးဘူး” ဟုစစ်တွေမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်မြဦးက ဆိုသည်။
အေးငြိမ်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ကိုညီညီနှင့်အငှားယာဉ်မောင်းြဖစ်သူတို့သည် စစ်တွေ မြို့ပေါ်၌ သွားလာနေစဉ် အမည်မသိလူတစ်ချို့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးညီညီမှာ လည်ပင်းတွင် ကျဉ်ဆံထိမှန်ခဲ့ကာ အငှားယာဉ်မောင်းဖြစ်သူမှာ ပေါင်တွင် ကျည်ဆံထိမှန်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ ဘာကြောင့်ပစ်တယ်၊ ဘယ်သူတွေပစ်တယ်ဆိုတာတော့မသိရသေးဘူးပေါ့နော်။ အပစ်ခံရတဲ့ ကိုညီဆိုတာက ရခိုင်ဒေသခံ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တယ်။ ကျွန်တော် သိသလောက် ကတော့ နိုင်ငံရေးနဲ့တော့ဆက်နွယ်မှုမရှိဘူး။ စီးပွားရေးသမား တစ်ယောက်ပဲ” ဟု စစ်တွေဒေသခံ တစ်ဦးဖြစ်သော ပရဟိအဖွဲ့တစ်ခုဖြစ်သည့် (REC) မှ ကိုဇော်ဇော်ထွန်းက မှတ်ချက်ပြုသည်။
အဆိုပါဖြစ်စဉ်အတွက် အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်ခင်း သတင်းရေးသားချိန်အထိ ပစ်ခတ် သူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးသကဲ့သို့ ဖမ်းမိခြင်းလည်းမရှိသေးကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/