အာဖဂန်နစ္စတန်နိုင်ငံ ပါဝန်အရပ်မှာ သမ္မတ အက်ရှာရပ်ဖ်ဂါနီ တက်ရောက်တဲ့ ရွေးကောက်ပွဲ လူထုစုရုံးပွဲကို တာလီဘန်တွေက အင်္ဂါနေ့မှာ ဗုံးနှစ်ကြိမ်ဆင့် ဖောက်ခွဲတာကြောင့် လူပေါင်း ၄၈ ဦး သေဆုံးပါတယ်။
ကဘူးလ်မြို့တော်က အမေရိကန်သံရုံးရဲ့ အနီးနားဖြစ်ပွားတဲ့ ဒီ ဗုံးခွဲဟာ အဲဒီနေ့ နေ့လယ်ပိုင်းက သမ္မတရဲ့ မဲဆွယ်စည်းရုံးမှုကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ဒဏ်ရာရသူပေါင်း ၄၂ ဦးအထိ ရှိတယ်လို့ ပါဝန်ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောခွင့်ရှိသူ ဝါဟီဒါရှာကာက ပြောပါတယ်။
ဒီ ဗုံးခွဲမှုမှာ သမ္မတကတော့ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ဘေးကင်းရာဆီ ပို့ဆောင်ပေးထားခဲ့ပါတယ်။
ကဘူးလ်မြို့တော်ရဲ့ အမှတ် ကိုး ရဲခရိုင်နယ်မြေက အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနရုံးနဲ့ အမေရိကန်သံရုံးတို့နားမှာ ပထမဗုံးကို ဖောက်ခွဲတာဖြစ်ပြီး ဒီ ဗုံးကွဲမှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး အပါအဝင် ၂၂ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရပါတယ်။
ဒီ ပေါက်ကွဲမှုအပြီး သမ္မတရဲ့ မဲဆွယ်ပွဲကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှု ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထပ်ဖြစ်တာပါ။
“အမျိုးသမီးနဲ့ ကလေးတွေလည်း ဒီ ဗုံးခွဲမှုမှာ သေဆုံးကြတယ်။”လို့ ရဲဌာန ပြောခွင့်ရသူ နာဆရတ်ရာဟီမီက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ စက်တင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာဖြစ်ပြီး တာလီဘန်တွေက ဒီ ရွေးကောက်ပွဲအတွက် လူထုစုရုံးမှုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာ ဖြစ်တာကြောင့် တက်ရောက်ခြင်း မပြုကြဖို့ ပြည်သူတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/