စက်တင်ဘာ ၁၅ ။ ။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး အိမ်တွေ၊ လမ်းတွေ၊ တံတားတွေ တစ်ဝက်တစ်ပျက် ရေအောက် ဖုံးလွှမ်းခံနေရလျက် ရှိပါတယ်။
ရေကြီးမှုတွေဖြစ်လို့ ဒေသခံပြည်သူ ၂၃,၀၀၀ ကျော်လောက်ဟာလည်း ယာယီ ခိုလှုံရေး စခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
ခုလို ရေလွှမ်းမိုးမှုတွေ ဖြစ်နေချိန် အစိုးရ အာဏာပိုင်တွေဘက်က အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်မှု နှေးကွေးနေတဲ့အတွက်လည်း ဒေသခံတွေက ဒေါသထွက်နေကြလျက် ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်မှာ မိုးသည်းကြီးမည်းကြီး ဆက်တိုက် ရွာသွန်းခဲ့ခြင်းကြောင့် ယင်းနိုင်ငံရဲ့ အရှေ့မြောက် ပြည်နယ်တွေမှာ ရုတ်တရက် ရေကြီးမှု၊ ရွှံ့ပြိုမှုတွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ရေဘေးသင့် ပြည်သူ မိသားစုဝင်တွေကိုလည်း လှေတွေ ဒါမှမဟုတ် လက်လုပ် ဖောင်တွေနဲ့ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
နိုင်ငံမှာ သြဂုတ်လ ၂၉ ရက်နောက်ပိုင်း ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့ကြောင်း သဘာဝဘေး တုန့်ပြန်ဖြေရှင်းရေး ဌာနက စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ယူဘွန် ရတ်ချာသာနီ ပြည်နယ်ဆိုရင် အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုနဲ့ ကြုံနေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဒါဟာ အပူပိုင်း မုန်တိုင်း Podul ကြောင့် ခုလို မိုးသည်းထန်စွာ ရွာပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/