မကွေး၊ သြဂုတ် ၂၀ ။ ။ အစိုးရသစ်တက်စဉ်ကတည်းက ယနေ့အထိ တရားမဝင် ရေနံလုပ်ကွက်လုပ်နေသူများ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မကွေးတိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။
သြဂုတ်လ ၁၉ရက်၊ နေ့လယ်ပိုင်းက မကွေးဒေသခံမီဒီယာများအား ဝန်ကြီးက ၄င်း၏ရုံးခန်း၌ လက်ခံတွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရေနံကနေ တစ်လကို အခွန်ငွေ ကျပ်တစ်ဘီယံလောက်ရတယ်။ ကျပ်သန်းတစ်ထောင်ပေါ့။ တိုင်းအတွင်းမှာ ပြည်ထောင်စုက တရားဝင်ခွင့်ပြုထားတာ တရားဝင်လုပ်ကွက် ၁၄ကွက်ရှိတယ်။ တရားမဝင်ကတော့ ခွင့်ပြု မထားဘူး။ တွေ့ရင်တော့ဖမ်းမှာပဲ” ဟု ဝန်ကြီးက ပြောသည်။
ထို့အပြင် အစိုးရသစ်တက်စဉ်ကတည်းက ယနေ့အထိ တရားမဝင် ရေနံလုပ်ကွက် လုပ်ကိုင်နေသူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သတင်းရ၍ သွားရောက်ဖမ်းဆီးပါက ထွက်ပြေးတိမ်ရှောင်သွားကြကြောင်း ဝန်ကြီးကဆိုသည်။
မကွေးတိုင်းအတွင်း၌ မင်းဘူး၊ ချောက်၊ ရေနံချောင်း၊ မင်းလှ၊ သရက်၊ ဂန့်ဂေါ၊ မြိုင် ၊ ပေါက် စသည့် မြို့နယ် များတွင် ရေနံများထွက်ရှိပြီး အစိုးရသစ်လက်ထက် ၂၀၁၆ခုနှစ် ဇွန် ၂ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ အခွန်ငွေ ကျပ်ဘီလျံ ၂၀ ဝန်းကျင်ရရှိခဲ့သည်ဟု ဝန်ကြီးထံမှ သိရသည်။
၂၀၁၉ခုနှစ် ဇွန်လအတွင်း မကွေးတိုင်း၊ပေါက်မြို့နယ်၊သရက်ကန်ကျေးရွာတွင် တရားမဝင်ရေနံတူးဖော်၊ သယ် ဆောင်သူများထံမှ ငွေကြေးကောက်ခံမှုကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား စစ် ဆေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် အဆင့်ရှိသူတစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရ သည်။