သြဂုတ် ၁၂ ။ ။ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဆက်လက်အရှိန်မြင့် ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ် ၁၁ ရက်ကလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေကို ရဲတွေက မျက်ရည်ယိုဗုံး သုံးပြီး နှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။
ယင်းမြို့မှာတော့ သီတင်းပတ်ကုန် ဆယ်ခု ဆက်တိုက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ထားခဲ့ပြီးနောက် အခြေအနေတွေက ပိုမိုတင်းမာလာနေပြီ ဖြစ်ပါတယ်။
ယင်းနေ့က ကွေ့ဖုန်း ဘူတာရုံမှာ ရဲတွေနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး ဆန္ဒပြလူအုပ်ကို နှိမ်နင်း လူစုခွဲခဲ့သလို ဆန္ဒပြသူတွေဘက်ကလည်း မီးသတ်ဆေးဗူးတွေ၊ မီးသတ်ရေပိုက်တွေ သုံးပြီး ပြန်လည် တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ အာဏာပိုင်တွေဘက်က သတိပေးချက်တွေကို ပမာမခန့်ပြုရင်း ဆက်လက် ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက နှိမ်နင်းလူစုခွဲခဲ့တာလည်း ဖြစ်ပါတယ်။
ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ကာလအတွင်း တရုတ်ပြည်မကြီးထံ ရာဇဝတ်သား လွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ရပ် အဆိုပြုခဲ့မှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ယခုလက်ရှိအချိန်အထိ ဆန္ဒပြမှုတွေ အကြီးအကျယ် ဆက်တိုက်ဖြစ်ပေါ်နေလျက် ရှိပါတယ်။