ဟောင်ကောင်မှာ ဥပဒေစိုးမိုးရေးအတွက် တပ်အင်အား သုံးလာဖို့ရှိလို့ တရုတ် လေသံပစ်

ဟောင်ကောင်မှာ ဥပဒေစိုးမိုးရေးအတွက် တပ်အင်အား သုံးလာဖို့ရှိလို့ တရုတ် လေသံပစ်

ပေကျင်း၊ ဇူလိုင် ၂၅ ။        ။ ဒီမိုကရေစီ လိုလားတောင်းဆိုတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားအပြီးမှာ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် ဟောင်ကောင်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကြောင့် တရုတ်နိုင်ငံဟာ ဟောင်ကောင်ဒေသမှာ တပ်အင်အား အသုံးပြုဖို့ ရှိနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ အရိပ်အမြွက်ပြောဆို လေသံပစ်လာပါတယ်။

အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ တရုတ်တပ်အင်အား အသုံးပြုမပြုကို သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ သတင်းထောက််တွေရဲ့ အမေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝူရှန််က “မြို့စောင့်ဥပဒေ ပုဒ်မ ၁၄ ဟာ ရှင်းရှင်းလင်းလင်း ပြဌာန်းပေးထားတာပဲ။”ပဲလို့ တုံ့ပြန်ဖြေဆိုပါတယ်။

အဲဒီ ပုဒ်မအရ ဟောင်ကောင်အစိုးရအနေနဲ့ ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းနိုင်ရန်နဲ့ သဘာဝဘေး ကူညီကယ်ဆယ်ရေးတွေမှာ ဗဟိုအစိုးရထံကနေ အကူအညီ တောင်းခံနိုင်တာ ဖြစ်ပါတယ်။

“ဟောင်ကောင်မှာ ဖြစ်ပျက်နေတာကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ အဓိကကတော့ ဇူလိုင် ၂၁ ရက်က ဖြစ်ပွားတဲ့ အစိုးရအရာရှိတွေကို  အစွန်းရောက်သူတွေရဲ့ တိုက်ခိုက်မှုတွေကိုပါပဲ။”လို့ ဝူရှန်က ဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီအဖြစ်ကနေ ပြန်လည်လက်လွှဲပေးအပ်ခံရပြီးနောက်မှာ တစ်နိုင်ငံ စနစ်နှစ်ရပ်မူနဲ့ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ ဖွဲ့စည်းမှုကို တရုတ်က ထိန်းသိမ်းစောင့်ရှောက်မယ်လို့ ကတိကဝတ် ရှိထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေကြမ်းကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ခုနစ်ပတ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အာဏာပိုင်တွေက ဥပဒေကို ဖျက်သိမ်းပစ်လိုက်ပေမယ့် ဆန္ဒပြမှုတွေဟာ အဆုံးသတ်မသွားဘဲ အစိုးရ နုတ်ထွက်ရေးနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေအဖြစ် ဆက်လက်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required