ဇူလိုင် ၁၄ ။ ။ ယမန်နှစ်က ဖြစ်ပေါ်ခဲ့တဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်ဒေတာများ ပေါက်ကြားမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန် နည်းပညာကုမ္ပဏီ Facebook ကို အရေးယူ ဒဏ်ငွေချဖို့ အမေရိကန်အာဏာပိုင်တွေက စီစဉ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်က Cambridge Analytica အရှုပ်တော်ပုံကိစ္စ အချက်အလက် ကျိုးပေါက်မှုဖြစ်စဉ်နဲ့စပ်လျင်းပြီး Facebook ကုမ္ပဏီကို ဒဏ်ကြေး ကန်ဒေါ်လာ ၅ ဘီလီယံအထိ ချမှတ်ဖို့ အမေရိကန် ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင် FTC က အတည်ပြုလိုက်ပြီလို့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။
ယမန်နှစ်တုန်းက Facebook အသုံးပြုသူ ၈၇ သန်းရဲ့ ကိုယ်ရေးဒေတာအချက်အလက်တွေကို နိုင်ငံရေးအကြံပေးအဖွဲ့တစ်ခုဖြစ်တဲ့ Cambridge Analytica က ရယူသွားတဲ့ ဖြစ်ရပ်ပေါ်ထွက်ပြီးနောက် Facebook ကို အဆိုပါ များပြားလှတဲ့ ဒဏ်ကြေးချမှတ်ဖို့ ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင် FTC က အတည်ပြုခဲ့တာဖြစ်တယ်လို့လည်း The Guardian က ဖော်ပြပါတယ်။
Facebook ကို ဒဏ်ကြေးချမယ့်ကိစ္စနဲ့ပတ်သက်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Washington Post ရော Wall Street Journal ရောမှာပါ ဖော်ပြပါတယ်။
ယင်း ဒေါ်လာ ၅ ဘီလီယံဒဏ်ငွေကတော့ နည်းပညာကုမ္ပဏီတစ်ခုအပေါ် FTC က ချမှတ်တဲ့ အမြင့်ဆုံး ဒဏ်ကြေးပမာဏလည်း ဖြစ်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် privacy ချိုးဖောက်မှုအတွက် ချမှတ်ခံရသမျှတွေထဲမှာ အမြင့်ဆုံးလည်းဖြစ်ပါတယ်။
ခုကိစ္စနဲ့ပတ်သက်လို့ Facebook ရော၊ FTC ကပါ မှတ်ချက်ပေးဖို့ ငြင်းဆန်နေလျက် ရှိပါတယ်။