ရန်ကုန် ၊ ဇူလိုင် ၁၄ ။ ။ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာအနီး၌ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု နွားရုံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထူးမောင်က မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။
“ရွာသူရွာသားတွေက အကုန်ထွက်ပြေးသွားပြီ၊ ရွာမှာ ဘယ်သူမှ မရှိတော့ဘူး။ လက်နက်ကြီး၊ လက်နက်ငယ် တွေရဲ့ အသံကြားတော့ စိုးရိမ်ပြီး ထွက်ပြေးသွားတာ” ဟု ၎င်းက ဆိုသည်။
လူဦးရေ ၈၀၀ ကျော်ခန့်ရှိသော နွားရုံတောင်ကျေးရွာတွင် ဒေသခံများက နီးစပ်ရာကျေးရွာများနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထူးမောင်၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိတွင် အဆိုပါနေရာအနီးတစ်ဝိုက်၌ တပ်မတော်မှ ယာယီအခြေစိုက်စခန်း ပြုလုပ်ထားသောကြောင့် ရွာခံများက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ကာ ကျေးရွာသို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။
တိုက်ပွဲကြောင့် ရွာအတွင်းရှိ ဒေသခံနေအိမ်အချို့ မီးလောင်ခဲ့ပြီး မည်သည့်အဖွဲ့ကြောင့် ဖြစ်ကြောင်း လက်ရှိတွင် မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးဘဲ နှစ်ဖက်လက်နက်ကိုင်များသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိသေးပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် တပ်မတော်နှင့် (AA) တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လူနေထိုင်ရာ ကျေးရွာများအတွင်းသို့ မကြာခဏဆိုသလို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။