ရန်ကုန်၊ ဇူလိုင် ၁၀ ။ ။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် ၁၁ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာမှ ဘတ်ဂျက်နည်းနေ၍ ကြက်တောင်၊တင်းနစ်နှင့် ရေကူးအားကစား ၃ မျိုးတို့ကို ချန်ထားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရေကူးအားကစားအား ရပ်နားထားကြောင်း သိရသည်။
၁၁ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို လာမည့် ဇူလိုင် ၁၇ ရက်နေ့မှ၂၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသော်လည်း ရန်ပုံငွေနည်းနေ၍ အားကစားနည်း ၃ မျိုးကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ အရွေးခံထားရတဲ့ ၂ ယောက်ပေါ့။ အဲဒီ ၂ ယောက်အတွက်ကတော့ စိတ်မကောင်းပါဘူး။ သူတို့က မန္တလေးကပါ။ ၁ ယောက်က မန္တလေး အား/ကာ၊ နောက် ၁ ယောက်က ပြင်ပကျောင်းက သူတို့ ၂ ယောက်ပဲ အရွေးခံရတာ။ အာဆီယံကျောင်းဂိမ်းဆိုတော့ ပညာရေးနဲ့ပေါင်းပြီး အား/ကာကနေ လူရွေးပွဲကို လုပ်ပေးတာ ၊ လူရွေးပြိုင်ပွဲကို နေပြည်တော်မှာ သွားပြိုင်ရတယ်။ အစ်မတို့ရဲ့ ကလေးတွေ ကျူရှင်ချိန်တွေ အကုန်ဖျက်ပြီး အဲဒီမှာ လူရွေးပြိုင်ပွဲကို ၃ ရက်၊ ၄ ရက် အချိန်ကုန်ခံပြီး နေပြည်တော်မှာ သွားပြိုင်ရပါတယ်။ အရင်နှစ်ကဆို ၄ ယောက် ရွေးတယ်။ ယောကျင်္ားလေး ၂ ယောက်၊ မိန်းကလေး ၂ ယောက် ရွေးတယ်။ အခု စိတ်မကောင်းတာက ဒီစာ ထွက်လာတယ် အဲဒီကလေး ၂ ယောက်အတွက် စိတ်မကောင်း ဖြစ်မိတယ်” ဟု နေပြည်တော်တွင် ပြုလုပ်သော ရေကူးအားကစားလူရွေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွေတံဆိပ်ဆု ၅၁ ဆု ရှင် မသွန်းမေမိုး၏ မိခင်ဖြစ်သူ ဒေါ်သင်းယုက မဇ္ဈိမသို့ ပြောသည်။
ဇွန်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ရေကူးလူရွေးပွဲတွင် မိန်းကလေး ၁ ယောက်၊ ယောကျင်္ားလေး ၁ ယောက် ရွေးချယ်ခံခဲ့ရပြီးနောက် ဇူလိုင်လဆန်းတွင် ယခုကဲ့သို့ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အမှတ်တံဆိပ်ဖြင့် စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ယခုအခါ ဘဏ္ဍာရန်ပုံငွေ မှာလည်း လွန်စွာနည်းပါးခြင်းကြောင့် ပြေးခုန်ပစ် ၊စားပွဲတင်တင်းနစ် ၊ ပိုက်ကျော်ခြင်း ၊ ဘောလီဘော အားကစားနည်း ၄ နည်းသာ စေလွှတ်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် ကျန်အားကစားနည်း ၃ နည်းဖြစ်သည့် ကြက်တောင်၊ တင်းနစ်နှင့် ရေကူးအားကစားနည်း တို့ကို သက်ဆိုင်ရာနေရာများတွင် စခန်းသွင်းလေ့ကျင့်နေမှုအား ရပ်နားသွားရန်အကြောင်းကြားအပ်သည်ဟု ဇူလိုင်လ ၄ ရက် ရက်စွဲဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။
ဘဏ္ဍာရန်ပုံငွေ နည်းပါး၍ အားကစား ၃ မျိုး ချန်လှပ်ခံရခြင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှာ ညွှန်ကြားရေးမှူး ခွန်ဂျာအောင်ကို မဇ္ဈိမသတင်းဌာနမှ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။