ဇူလိုင် ၂ ။ ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဇူလိုင် ၂ ရက် အစောပိုင်းက အုတ်တံတိုင်းတစ်ခု ပြိုကျသဖြင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မုတ်သုံရာသီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယရဲ့ ဘဏ္ဍာရေးအချက်အချာ မြို့မှာ ဖရိုဖရဲ အခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
မွမ်ဘိုင်းမြို့က ဆင်းရဲသား ရပ်ကွက်တစ်ခုမှာ မိုးရွာသွန်းပြီး အုတ်နံရံ တံတိုင်းတစ်ခု ရုတ်တရက် ပြိုကျခဲ့ချိန် လူ ၁၅ ဦး သေဆုံးပြီး အခြား ၆၉ ဦး ဒဏ်ရာတွေ ရရှိသွားတာဖြစ်ကြောင်း မွမ်ဘိုင်းမြို့ သဘာဝဘေး စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာနာဂျီ ခမ်ဘယ်လ်က အေအက်ဖ်ပီကို ပြောပါတယ်။
လက်ရှိမှာ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနေလျက် ရှိပြီး သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဇူလိုင် ၂ ရက်ကို အများပြည်သူ အားလပ်ရက်အဖြစ် ကြေညာပြီး အပြင်မထွက်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။
စာသင်ကျောင်းတွေ၊ ကောလိပ်တွေကိုလည်း ပိတ်ထားသလို မွမ်ဘိုင်း အဓိကလေဆိပ်မှာလည်း လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းတာ၊ လမ်းကြောင်းပြောင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။