မြိတ်၊ ဇွန် (၂၇) ။ ။ မြိတ်မြို့ရှိ လူငယ်များ ဦးဆောင်၍ ပြင်ပမှအလှူငွေများဖြင့် မည်သူမဆို အခမဲ့ယူနိုင်သော Food Box ၃ လုံးကို လူစည်ကားရာ နေရာ ၃ ခုတွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်ကာ ထားရှိခဲ့ကြောင်း သိရသည်။
“လိုလျှင်ယူသွား လှူချင် လှူထား`ဟု နှိုးဆော်စာများ ကပ်ထားသော Food Box ၃ လုံးကို မြိတ်ကမ်း နားလမ်း၊ မြိတ်ပြည်သူ့ဆေးရုံကြီး အရှေ့နှင့် မြိတ်တောင်နယ်မြေ မြို့သစ်ရပ်ကွက်ရှိ ဦးမြတ်လေး လမ်းမကြီးပေါ်တို့တွင် ချထားသည်ဟု ဦးဆောင်ပြုလုပ်သူများထံမှ သိရသည်။
“ကျွန်တော့်ရပ်ကွက်မှာက ကလေးတွေနဲ့ကျောင်းသားတွေများတော့ တချို့ကျောင်းလာတဲ့ ကလေးတွေ မုန့်ဖိုးမရတာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးတွေအတွက် ရည်ရွယ််ပြီး၊ လုပ်ဖြစ်တာ ဖြစ်တယ်”ဟု မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးလမ်းမကြီးတွင် နေထိုင်သော Food Box အလှူရှင် ဦးနိုင်ဦးက ပြောသည်။
မြိတ်မြို့တွင် ချထားသည့် Food Box များအတွင်း ရေသန့်ဘူး၊ အချိုရည်ဘူးနှင့် ပေါင်မုန့် အထုပ် များကို အများဆုံး ထည့်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ လူငယ်တွေ စုပြီး စလုပ်တာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ပြည်ပရောက်နေတဲ့ ကိုးရီးယား မှ မြိတ်ရွှေ့ပြောင်းအလုပ်သမားများနဲ့ မြိတ်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေရဲ့ အလှူငွေ တွေနဲ့ ထည့်ဝင်ပြီး လုပ်ဖြစ်တယ်” ဟု Food Box များစီစဉ် ချထားသူ ကိုအောင်ဟိန်းကျော်က ပြောသည်။
လက်ရှိတွင် မြို့ကြီး တချို့၌ Food Box နှင့်ပတ်သက်၍ လာရောက် ယူဆောင်သူများကို ဓါတ်ပုံ မှတ်တမ်းများ ရိုက်ကာ လူမှုကွန်ယက်ပေါ်တင််ရာမှ ဝေဖန်မှုများ ရှိနေသောကြောင့် မြိတ်မြို့တွင် စတင်ချထားသည့် Food Box များကို မှတ်တမ်းပုံများ မရိုက်ကြရန် ဦးဆောင်ပြုလုပ်သူများက မေတ္တာရပ်ခံထားကြောင်း သိရသည်။
Food Box များကို မြိတ်မြို့တွင် ထပ်မံချထားရန် ပြင်ဆင်လျက် ရှိပြီး အစားအသောက်နှင့် အလှူငွေ များကိုလည်း ထည့်ဝင်ရန် ဆက်သွယ်လာသူများလည်း ရှိနေကြောင်း သိရသည်။