၀ါရှင်တန်၊ ဇွန် ၂၇ ။ ။ ၂၀၁၅ နျူကလီးယားပဋိညာဉ်ကို အစားထိုးမယ့် သဘောတူညီချက်တစ်ရပ် ရရှိအောင် အမေရိကန်နဲ့အတူ အီရန်ခေါင်းဆောင်တွေဟာ မလုပ်ဆောင်ဘူးဆိုရင် သူတို့ဟာ တကိုယ်ကောင်းဆန်ပြီး မိုက်မဲသူတွေပဲ ဖြစ်လိမ့်မယ်လို့ သမ္မတ ထရမ့်က ဇွန် ၂၆ ရက်မှာ ပြောပါတယ်။
အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား ချုပ်ဆိုတဲ့ ၂၀၁၅ နျူကလီးယား ပဋိညာဉ်ကို သမ္မတဟောင်း အိုဘားမားတို့ ဖော်ဆောင်သွားခဲ့တာဖြစ်ပြီး ထရမ့်က အဲဒီ ပဋိညာဉ်ကို စွန့်ပစ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပဋိညာဉ်ကနေ အမေရိကန်် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ထားတာလည်း ဖြစ်ပါတယ်။
“အီရန်ခေါင်းဆောင်တွေဟာ စီးပွားရေး မွဲပြာကျနေတဲ့ နိုင်ငံကို လက်ဝယ်ပိုက်ထားရတာပါ။ ခုချိန်မှာ အီရန်နိုင်ငံ စီးပွားရေး မွဲပြာကျနေတယ်။ ဒါကို ချက်ချင်း လျင်လျင်မြန်မြန်၊ ဒါမှမဟုတ် ခုကနေစပြီး ဆယ်နှှစ််အတွင်း ဖြေရှင်းရမှာ ဖြစ်တယ်။”လို့ ဂျပန်က ဂျီ ၂၀ ထိပ်သီးအစည်းအဝေး တက်ရောက်ဖိို့ မထွက်ခွာခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။
“ခုချိန်မှာ အီရန်ခေါင်းဆောင်တွေဟာ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ခါးစည်းခံနေရပြီ ဖြစ်တယ်။”လို့ ထရမ့်က ဖြည့်စွက်ပြောပါတယ်။
အီရန်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ပြည်သူတွေအတွက် စိုးရိမ်သလားဆိုတာဟာ သိပ်တော့ မသေချာကြောင်း ထရမ့်က ပြောရင်း တကယ်လို့ သူ့အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးပြီး သဘောတူညီချက် ဖော်ဆောင်ရမှာ ဖြစ်ပေမယ့် အဲဒီလို မလုပ်ဆောင်ဘူးဆိုရင် အဲဒီ အီရန်ခေါင်းဆောင်တွေဟာ တကယ့်ကို တကိုယ်ကောင်းသမားတွေဖြစ်ပြီး မိုက်မဲသူတွေပဲလို့လည်း ပြောခဲ့ပါတယ်။