နေပြည်တော်၊ ဇွန် ၁၅၊ ။ ။ တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေးကို တောင်းဆိုရာတွင် ဘာသာစကား၊ စာပေ၊ ယဉ် ကျေးမှု၊သမိုင်းများကို တိုင်းရင်းသားများ ကိုယ်တိုင်အပြည့်အဝ ကျင့်သုံးခွင့်ပေးရန် လိုအပ်ကြောင်း တိုင်းရင်းသား လူမျိုး ရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းမှ အမှုဆောင်ဒါရိုက်တာ ဆလိုင်းငွန်လျန်ဆန်း ပြောသည်။
“တိုင်းရင်းသားလူမျိုးတွေရဲ့တန်းတူရေးနဲ့ကြည့်မယ်ဆိုတော့တန်းတူရေးလို့ တောင်းတဲ့အခါ အဓိက ဘာသာစကား၊ စာပေယဉ်ကျေးမှုသမိုင်းတွေ အပေါ်မှာ အခြေခံပြီးတော့မှ တောင်းဆိုတဲ့ တန်းတူရေး ဖြစ်တယ်။ ဆိုတော့ အဲ့ဒီဘာသာစကားသမိုင်းကြောင်းယဉ်ကျေးမှုဆိုတာလူမျိုးတစ်မျိုးရဲ့ဂုဏ်အင်္ဂါကိုကိုယ်ကသွားလုပ်ပေးလို့မရဘူး။ကိုယ်ကသွားလုပ်ပေးတဲ့အရာမဟုတ်ဘဲနဲ့သူတို့ဘာသာသူတို့မြှင့်တင်ပြီးတော့အပြည့်အဝကျင့်သုံးပိုင်ခွင့်ပေးဖို့လိုအပ်တဲ့အရာလို့မြင်တယ်”ဟု ဆလိုင်းငွန်လျန်ဆန်း ပြောသည်။
လက်ရှိတွင် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေယဉ်ကျေးမှု သမိုင်းများကို ပြည်ထောင်စု အစိုးရကသာ လုပ်ဆောင်ပေးနေသည့်အတွက် ရေရှည်တွင် ယုံကြည်မှု မရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။
“လက်ရှိဆောင်ရွက်နေတဲ့ အပိုင်းဆိုရင်တော့ ပြည်ထောင်စုအစိုးရကပဲ လိုက်လုပ်ပေးတယ် ဆိုတဲ့ ပုံစံဖြစ်တယ်။ ဆိုတော့ ကျွန်တော်တော့ ရေရှည်အတွက်အယုံအကြည်မရှိဘူး။ စာပေဘာသာစကား ဆိုတာ ပိုင်ရှင်ကသာ လုပ်သင့်တဲ့အရာလို့ ကျွန်တော်မြင်တယ်”ဟု ဆလိုင်းငွန်လျန်ဆန်း ပြောသည်။
ထို့ပြင် ပြည်ထောင်စုမှ ခွဲထွက်ရေး၊ ခွဲမထွက်ရေးသည် ၄င်းအနေဖြင့်ရော ၊ တိုင်းရင်းသား လူမျိုးရေး ရာဖွံ့ဖြိုးတိုးတက်ရေး အသင်း(CDES) အနေဖြင့်ပါ အရေးမကြီးကြောင်းနှင့် ဖက်ဒရယ်စနစ် တည် ဆောက်ရာတွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်တိုင်းအစိုးရတို့မှ ခွဲဝေရရှိမည့် အာဏာ၊ ထိုအာဏာ ကိုကျင့်သုံးရန် ဥပဒေပြုရေးတို့ကသာ အရေးကြီးသည်ဟု သူကဆက်ပြောခဲ့သည်။
“ခွဲထွက်ခွင့်၊ခွဲမထွက်ခွင့်ဆိုတာထက်ဖက်ဒရယ်စနစ်တည်ထောင်တဲ့နေရာမှာပြည်ထောင်စုအစိုးရကိုဘယ်အာဏာတွေပေးမလဲ။ပြည်နယ်တိုင်းအစိုးရတွေကိုဘယ်အာဏာတွေပေးမလဲ။ဒီအာဏာတွေကိုဘယ်လိုကျင့်သုံးရမလဲ။ အဲ့ဒီကျင့်သုံးဖို့ ဥပဒေပြုရေးဘယ်လို ဖွဲ့စည်း မလဲ။ ပြည်နယ်တိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲဖို့ ဘယ်လိုရှိမလဲ။ အုပ်ချုပ်ရေး ကိုယ့်ဟာကိုယ် ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့အချက်တွေကသာ ပိုအရေး ကြီးတယ်လို့ကျွန်တော့် အနေနဲ့မြင်ပါ တယ်”ဟု ဆလိုင်းငွန်လျန်ဆန်း ပြောသည်။
နေပြည်တော်၊ပျဉ်းမနားရှိ သုခစိုးဟိုတယ်တွင် ဇွန်လ ၁၅ရက်နံနက်ပိုင်းက တိုင်းရင်းသားလူမျိုး ရေးရာဖွံ့ဖြိုးရေးသုတေသနအသင်း(CDES) နှင့် နေပြည်တော် လူငယ်ရေးရာကော်မတီတို့ ကျင်းပပြု လုပ်ခဲ့သော ငြိမ်းချမ်းရေးဖိုရမ်တွင် ၎င်းကပြောဆိုလိုက်ခြင်းဖြစ်သည်။