ရန်ကုန်၊ ဇွန်လ ၈ ။ ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံမသန်းစွမ်းသူများ ပြိုင်ပွဲ (Para Sea Game )၌ ရေကူး အားကစားနည်းမှ ရွှေတံဆိပ်ဆု ၁၀ ခု အထိ မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အား ကစားအဖွဲ့ချုပ်၊ မြန်မာ့လက်ရွေးစင်မသန်စွမ်း ရေကူး အသင်းမှ နည်းပြ ဦးမြခိုင်က ပြောသည်။
" နှစ်စဉ်ကတော့ မြန်မာSEA Game ထဲက လုပ်လာတာ ရွှေ ၁၃ ခု ၊ရွှေ၊ ငွေ၊ ကြေးတွေ ရလာခဲ့တယ်။ မနှစ်ကလည်း ကျွန်တော်တို့အသင်း အနေနဲ့ရွှေတံဆိပ်ကို ၉ကြိမ်မြောက် မလေးရှား SEA Game မှာ ရွှေတံဆိပ် ၉ ခု ရခဲ့တယ်။ ဒီနှစ်လည်း ၁၀ ခုအတွင်း ရအောင်တော့ အတတ်နိုင်ဆုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။ ရွှေတံဆိပ် ၁၀ ခု ၊ အရင်နှစ်ကထက်တော့ အောင်မြင်မှုမလျော့အောင် လေ့ကျင့် နေပါတယ် " ဟု ဦးမြခိုင် က ပြောသည်။
လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အာဆီယံမသန်းစွမ်းသူများ ပြိုင်ပွဲ (Para Sea Game) ကို ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမသန်းစွမ်းသူများ အားကစားအဖွဲ့ချုပ် အနေဖြင့် အားကစားနည်း ၁ဝမျိုး ခန့် ဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဟု သိရသည်။
"ဧပြီလကနေ စပြီးတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၁၀ ကြိမ် မြောက် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ( Para Sea Game )ကို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြင်းပြင်းထန်ထန်နဲ့မြန်မာ့လက်ရွေးစင် မသန်စွမ်းရေကူး ကစားသမား ၁၅ ဦး နဲ့ မနက်ကို ၇ နာရီ ကနေ ၁၀ အထိတစ်ကြိမ် ၊ ညနေ ကို ၄ နာရီ ကနေ ၆ နာရီအထိ တစ်ကြိမ် ၊ တစ်နေ့ကို ၂ကြိမ် လေ့ကျင့်နေတာဖြစ်ပါတယ် " ဟုဦးမြခိုင် က ဆက်ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၌ ကျင်းပမည့် ဒဿမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဆီးဂိမ်းအပြီးတွင် ကျင်းပမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။