ပွင့်ဖြူ၊ ဇွန် ၅ ။ ။ ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့ညပိုင်းက မိုးရွာသွန်းပြီးနောက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ရိုးကုန်းကျေးရွာရှိ အိမ်ခြေ ၂၀ ခန့် အိမ်ဝိုင်းများတွင် အကျယ် ၁ ပေခွဲ၊ အနက် ၁၅ ပေနီးပါးရှိ မြေအက်ကြောင်းများ ဖြစ်ပေါ်ခဲ့သည်။
“ မိုးရွာပြီးနောက်ပိုင်းမှာတော့ အိမ်ခြေ ၂၀ နီးပါးရဲ့အိမ်ဝိုင်းတွေမှာ မြေကြီးတွေ ကွဲအက်ပြီး အက်ကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်” ဟု ရွှေလှေကျေးရွာအုပ်စု ရပ်ကျေးစာရေး ဦးရာဇာကျော်က ပြောသည်။
အဆိုပါ အက်ကြောင်းများ၏ အကျယ်မှာ ၁ ပေ မှ ၁ ပေခွဲ နီးပါးခန့် ရှိပြီး အနက်မှာ ၁၅ ပေ နီးပါး (ဝါးရှည်တစ်လုံး ထိုးကြည့်ရာတွင် အောက်သို့မရောက်) ခန့် အနက်ရှိကြောင်း ရိုးကုန်းကျေးရွာ ရွာခွဲတာဝန်ခံ၏ ပြောဆိုချက် အရ သိရသည်။
လက်ရှိတွင် ကျေးရွာခံများမှာ စိုးရိမ်ပူပန်နေကြပြီး အကျိုးအကြောင်း သိရှိလိုကာ နေထိုင်မှုအတွက် အန္တရာယ်ရှိ၊ မရှိ သက်ဆိုင်ရာမှ ဝိုင်းဝန်းစဉ်းစားကူညီပေးစေလိုကြောင်း ရိုးကုန်းကျေးရွာသူရွာသားများက ပြောသည်။
“ မနေ့ကအထိ အက်ကွဲကြောင်းတွေ ဆက်ဖြစ်နေတယ်။ မနေ့အထိ အိမ်ခြေ ၂၀ အထိ အက်ကြောင်းတွေ ဖြစ်နေတယ်။ ဒီနေ့ ဆက်ဖြစ်၊ မဖြစ် မသိရသေးဘူး၊ မနေ့က တာဝန်ရှိသူတွေ လာရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါတယ်၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကတော့ ဒီနေ့ ( ဇွန် ၅ ရက်) မွန်းလွဲ ၂ နာရီ မှာ မရိုးကုန်းကျေးရွာပြည်သူနဲ့ တွေ့ဆုံအစည်းအဝေးလုပ်မှာပါ” ဟု ရပ်ကျေးစာရေး ဦးရာဇာကျော်က ပြောသည်။
ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ရိုးကုန်းကျေးရွာသည် မုန်းချောင်းကမ်းပါးတွင် တည်ရှိပြီး ကမ်းပါးနှင့် ပေ ၇၀၀ ခန့်အကွာရှိ လူနေအိမ် အလုံး ၂၀ ခန့် မြေအက်ကွဲကြောင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ်က ဖြစ်ပွားခဲ့ဖူးခြင်းမရှိဘဲ သဘာဝဘေးနှင့်ဆိုင်သောပညာရှင်များ လာရောက်လေ့လာစေလိုကြောင်း ဒေသခံများ လိုလားနေသည်။
အဆိုပါဆွေးနွေးမှုသတင်းများကို ထပ်မံပြီး မဇ္ဈိမမှ ဖော်ပြပေးသွားမည် ဖြစ်သည်။