ဇွန် ၂ ။ ။ အိမ်နီးချင်း ဆီးရီးယားဘက်ကနေ လုပ်ဆောင်တဲ့ ရှားရှားပါးပါး ဒုံးကျည်ပစ်ခတ်မှုတစ်ခုအပေါ် ပြန်လည် တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးတို့က ဇွန် ၂ ရက်မှာ ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
ယင်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သားတွေနဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေအပါအဝင် ဆယ်ဦး သေဆုံးသွားတယ်လို့ စစ်ပွဲစောင့်ကြည့်သူ အဖွဲ့တစ်ခုထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က ဆီးရီးယားဘက်ကနေပြီးတော့ ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ရာမှာ တစ်စင်းက အစ္စရေး ပိုင်နက်နယ်နမိတ်ထဲထိ ကျခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ယင်း ပစ်ခတ်မှုအပေါ် ပြန်လည် လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်က ဆီးရီးယား အမြှောက်တပ်ခွဲ နှစ်ခွဲအပါအဝင် ဆီးရီးယားဘက်ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ယင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သား သုံးဦး၊ နိုင်ငံခြား တိုက်ခိုက်ရေးသမား ခုနစ်ဦး သေဆုံးသွားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသွားပါတယ်။