ရန်ကုန်၊ မေလ ၂၈ ။ ။ မီးသတ်ဌာနရှေ့တွင် ကားရပ်သည့်ကိစ္စဖြင့် စကားများခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေပြည်သာမီးသတ်တပ်ဖွဲ့မှ ကားပိုင်ရှင် ဆရာဝန်အမျိုးသမီးအား ပုဒ်မ ၃ ခုဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှ သိရသည်။
ဆရာဝန်အမျိုးသမီးအား ရွှေပြည်သာမြို့မရဲစခန်းတွင် (ပ) ၁၈၄၁/၂၀၁၉၊ နိုင်ငံသားများ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွပ်လပ်ခွင့်နှင့် လုံခြုံမှုကာကွယ်ရေး ဥပဒေ ပုဒ်မ ၁ဝ၊ (ပ)၁၈၄၂/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ (ပ) ၁၈၄၃/၂၀၁၉၊ မော်တော်ယာဉ်ဥပဒေပုဒ်မ- ၆၅ စသည့်ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါ ဆရာဝန်အမျိုးသမီးကို ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသွင်ယုနိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်သက်နောင်တို့က တရားလို ပြုလုပ်ပြီး မေ ၂၈ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မေ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆရာဝန်အမျိုးသမီးက ရွှေပြည်သာမြို့နယ်မီးသတ်ဦးစီးဌာနရှေ့နားတွင် ကားရပ်ထားသဖြင့် မီးသတ်ဝန်ထမ်းများက ကားမရပ်ရန် သွားရောက်တားမြစ် ပြောဆိုရာမှ နှစ်ဖက် စကားများခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စကားများသည့်ဖြစ်စဉ်ကို Mya Wut Yee အကောင့်မှတစ်ဆင့် အပိုင်းနှစ်ပိုင်းခွဲကာ လူမှုကွန်ရက် စာမျက်နှာတွင် တိုက်ရိုက်လွှင့်တင်ခဲ့ပြီး ရုပ်သံဖိုင်များမှာ ကြည့်ရှုသူများပြားကာ ဝေဖန်မှုများလည်း များပြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားပိုင်ရှင် ဆရာဝန်အမျိုးသမီးက အချင်းဖြစ်ပွားခဲ့သည့် မေလ ၂၅ ရက်နေ့တွင်ပင် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် မီးသတ်ဝန်ထမ်း ၁ဝ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄၊ ၅ဝ၆၊ ၅ဝ၉၊ ၁၁၄ စသည့်ပုဒ်မ ၄ ခုဖြင့် ရွှေပြည်သာမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။