မေ ၂၇ ။ ။ ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇိုနက်စ် ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ မေလ ၂၆ ရက်က အကျဉ်းသားအချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွား၍ ထောင်သား ၁၅ ဦး သေဆုံးသွားတယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။
ယင်းနေ့က အဆိုပါ အကျဉ်းထောင် ဧည့်တွေ့ချိန်အတွင်း ခုလို ပဋိပက္ခရန်ပွဲတွေ ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယင်း အကျဉ်းထောင်ကတော့ ပြည်နယ်မြို့တော် မန်နောက်စ် ကနေ ၂၈ ကီလိုမီတာ (၁၇ မိုင်) အကွာမှာ တည်ရှိပါတယ်။
“ ခုဟာက ထောင်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြတာပါ၊ ဒီလိုမျိုး ဧည့်တွေ့ချိန်အတွင်း ခုလို ထောင်သားအများအပြား သေဆုံးမှုမျိုး အရင်က မဖြစ်ဖူးပါဘူး” လို့ ပြည်နယ်ရဲ့ အကျဉ်းထောင်များ အုပ်ချုပ်ရေးအဖွဲဲ့အကြီးအကဲ ဗိုလ်မှူးကြီး မားကို့စ် ဗင်နီစီးယက်စ် အယ်လ်မေဒါက ပြောပါတယ်။
ခိုက်ရန်ဖြစ်ပွားစဉ် ထောင်သားတစ်ချို့ဟာ ချွန်ထက်အောင် သွေးထားတဲ့ သွားပွတ်တံတွေနဲ့ အထိုးခံခဲ့ရသလို တစ်ချို့လည်း လည်မျိုးညှစ်သတ်ခံရတယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။
ခုလို ထောင်တွင်း ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။
ယင်းအကျဉ်းထောင်မှာပဲ လွန်ခဲ့တဲ့ ၂၀၁၇ ဇန်နဝါရီလတုန်းက ထောင်တွင်းဆူပူအုံကြွမှု ဖြစ်လို့ လူ ၅၆ ဦး သေဆုံးထားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။