ဧပြီ ၂၉ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေစဉ် ယမန်နေ့ ဧပြီ ၂၈ ရက်က တရုတ် ထိပ်တန်း နိုင်ငံရေးအကြံပေး မစ္စတာ ဝမ်ယန် နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်းဖရင့်၏ အမျိုးသားကော်မတီ ဥက္ကဌလည်းဖြစ်သည့် မစ္စတာ ဝမ်ယန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားရာ၌ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုဆိုင်ရာ ဖွံ႕ဖြိုးတိုးတက်ရေး မြှင့်တင်ရာတွင် ထောက်ခံအားပေးပါကြောင်း ပြောကြားသွားပါတယ်။
ဆက်လက်၍ နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူရရှိထားသည့် အရေးကြီးသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်မှုကို မြှင့်တင်ရာတွင်သော်လည်းကောင်း၊ နှစ်ဘက် ပြည်သူများ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေး အလို့ငှာ လမ်း၊ တံတားနှင့် စွမ်းအင် ဆက်သွယ်ချိတ်ဆက်မှုများကို တိုးမြှင့်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် တိုးမြှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြည်သူအချင်းချင်းအကြားနှင့် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်မှုများကို မြှင့်တင်ခြင်း တို့ကို ဖော်ဆောင်ရာတွင်လည်းကောင်း တရုတ်အစိုးရအနေဖြင့် မြန်မာနှင့် အတူတကွလုပ်ဆောင်ရန် အသင့်ရှိနေဟု မစ္စတာ ဝမ်ယန်က ပြောဆိုသွားခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံကို တရုတ်ဘက်က ကာလရှည် တန်ဖိုးရှိ ထောက်ခံအားပေးကူညီပေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။ မြန်မာအစိုးရအနေဖြင့်လည်း ရပ်ဝန်းနှင့့် ပိုးလမ်းမ တည်ဆောက်ရာတွင် တက်ကြွစွာ ဆက်လက်ပါဝင်သွားချင်ပါကြောင်း၊ တရုတ်တို့၏ အတွေ့အကြုံများကနေ သင်ယူသွားချင်ပါကြောင်း၊ နယ်ပယ်ကဏ္ဍများစွာအတွင် အပြန်အလှန် ပူးပေါင်းဖလှယ်မှုများ တိုးမြင့်သွားချင်ပါကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု သိရသည်။