ပခုက္ကူ၊ ဧပြီ ၁၅ ။ ။ပခုက္ကူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုသူအမျိုးသမီး သေဆုံးမှုမှ သံသယရှိသူအား ရဲတပ်ဖွဲ့မှ ဧပြီ ၁၄ ရက်နေ့ ညပိုင်းက စောင့်ဆိုင်းဖမ်းဆီးမိခဲ့သည်။
တိမ်းရှောင်နေသူ နိုင်လင်းအောင်၏ အစ်ကိုတော်စပ်သူနေအိမ်အား သတင်းအရ ရဲတပ်ဖွဲ့မှ လာရောက်စောင့်ဆိုင်းစဉ် နိုင်လင်းအောင်က ပတ်ဝန်းကျင်ရှိ အိမ်ခေါင်မိုးများပေါ်သို့ တက်ပြေးသဖြင့် ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အမျိုးသမီးသေဆုံးမှုတွင် သေဆုံးသူ အမျိုးသမီးမှာ ...........တည်းခိုခန်းသို့ အဖော်ဖြစ်သူ နိုင်လင်းအောင်ဆိုသူနှင့် မတ်လ ၁၈ ရက်နေ့ ဝန်းကျင်ခန့်က လာရောက်တည်းခိုနေခြင်းပြီး မတ်လ ၂၄ ရက်နေ့ ညပိုင်းက ဒဏ်ရာအချို့ဖြင့်သေဆုံးခဲ့ကာအတူပါလာသည့် အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုအား ပခုက္ကူမြို့မရဲစခန်းတွင် လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် မတ်၂၆ ရက်နေ့က အမှုဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ သေဆုံးသူမှာ ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် ဦးနှောက်အတွင်း သွေးယိုစိမ့်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မှုခင်းဆရာဝန်က ဧပြီလ ၄ ရက်နေ့က ပြောဆိုထားသည်။
ထို့နောက် ရဲဘက်မှ ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဟု ဆေးစာပေးပို့ စစ်ဆေးပြီးနောက် သေဆုံးသွားသူ အမျိုးသမီးကို မတ်လ ၂၅ ရက်က ပခုက္ကူသုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။
လက်ရှိတွင် နိုင်လင်းအောင်ကို ဒဏ်ရာများဖြင့် ဖမ်းဆီးနိုင်ခဲ့ပြီး အမှုနှင့်ပတ်သက်ပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။