ဧပြီ ၃၊ ရန်ကုန် ။ ။ AFC Cup ၂၀၁၉ပြိုင်ပွဲ၏ ပွဲစဉ်(၃)အဖြစ် ရှမ်းယူနိုက်တက်အသင်းသည် ဗီယက်နမ်ကလပ် ဘီခေးမက်စ် ဘင်ဒေါင်း အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီး အုပ်စုနောက်ဆုံးအဆင့်တွင် ရပ်တည်နေသည်။
ယနေ့ ဧပြီ ၃ ရက်နေ့၊ ညနေ ၃နာရီခွဲအချိန်၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ပွဲစသည်နှင့် နှစ်သင်းစလုံးအကြိတ်အနယ် ကစားကြသော်လည်း ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများမရှိ ခဲ့သော်ကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေဖြစ်နေခဲ့သည်။
ဘီခေးမက်စ်ဘင်ဒေါင်းအသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းပွဲချိန် ၄၉ မိနစ်တွင် တူဘန်ဘူက သွင်းယူခဲ့ပြီး ပွဲချိန် ၆၉ မိနစ်တွင် ဂတ်စ်တာဗိုက ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ဘီခေးမက်စ်ဘင်ဒေါင်းအသင်းအတွက် ဒုတိယ အနိုင်ဂိုးကို ဝန်ဒါလူးဝစ်က ပွဲချိန် ၈၅ မိနစ်တွင် သွင်းယူခဲ့သည်။
အဆိုပါပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ၂၀၁၉ အုပ်စု(ဆ)တွင် တစ်ပွဲမှ အနိုင်မရရှိသေး ဘဲ အုပ်စုနောက်ဆုံးတွင်သာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်ချက်နည်းပါးနေသည်။
အိမ်ကွင်းမှာ ရှုံးခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဧပြီလ ၁၆ရက်နေ့တွင် AFC Cup 2019 ၏ပွဲစဉ်(၄)အဖြစ် ဘီခေးမက်စ်ဘင်ဒေါင်းအသင်း၏ အိမ်ကွင်းတွင် ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်အသင်းက (၉)ပွဲကစား၊ (၈)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၂၅)မှတ်ဖြင့် အမှတ်ပေးဇယား၏အဆင့်(၁)နေရာတွင် ရပ်တည်နေသည်ကို တွေ့ရသည်။